တအာင်းတပ်သား ၁၀ဦးကို RCSS ပြန်လွှတ်ပေးလိုက်ပြီ

တအာင်းတပ်သား ၁၀ဦးကို RCSS ပြန်လွှတ်ပေးလိုက်ပြီ
by -
မဇ္စျိမ
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က တိုက်ပွဲအတွင်း ဖမ်းဆီးထားသော တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တပ်သား ၁၀ ဦးအား ပြန်လည် လွတ်ပေးခဲ့ပြီဟု RCSS က ပြောသည်။

ဇန်နဝါရီလ ၂၃ ရက်က ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် လွယ်ဆာကျေးရွာအတွင်း TNLA နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့ ဖမ်းဆီးထားသော TNLA တပ်ဖွဲ့ဝင် ၁၀ ဦး အား ပြန်လည် လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

RCSS က ဖမ်းဆီးထားသော ရွာသား ၁၀ ဦးကို မိုင်းဝီးကျေးရွာတွင် ရပ်မိရပ်ဖများ၊ သံဃာတော်များ ရှေ့တွင် TNLA တပ်သားများ ဖြစ်ကြောင်း ရှင်းပြ၍ ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်သိတာတော့ ရွာသားမဟုတ်ဘူး။ TNLA တပ်သားတွေပါ။ သူတို့ကို တိုက်ပွဲအတွင်းမှာ ဖမ်းမိတယ်။ ကျနော်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်။ အကျိုးလည်း မရှိပါဘူး။ သူတို့ဆီက လိုချင်တဲ့ သတင်းချက်အလက်တွေ ရပြီ ဆိုတော့ ရွာသူရွာသားရှေ့မှာ ရပ်မိရပ်ဖ ရှေ့မှာ လွှတ်ပေး လိုက်တာ။ ကျနော်တို့ ဘယ်လို ဖမ်းမိတယ်။ ဘယ်တပ်မှာနေကြတယ်ဆိုတာ ရှင်းပြပြီးတော့ လွှတ်ပေးလိုက်တယ်”ဟု သူက ပြောသည်။

သို့သော် TNLA ကမူ လွယ်ဆာကျေးရွာ လူကြီး အပါအဝင် ၁၀ ဦးသည် TNLA တပ် တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်းနှင့် တပ်ဖွဲ့နှင့်လည်း ပတ်သက်မှုမရှိကြောင်း TNLA က ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ပြောသည်။

“ရွာသား ၁၀ ဦးကို အဲနားမှာရှိတဲ့ ကျေးရွာသံဃာတွေကို ခေါ်ပြီးတော့ သူတို့ကရှင်းတယ်။ သူတို့က TNLA စစ်သားဖြစ်လို့ ဖမ်းတာဆိုပြီး လိမ်လည်ပြီးမှ ပြန်ချပြတယ်။ အဲဒီ ရွာလူကြီးအပါအဝင် ၄ ဦးနဲ့ ရွာသား ၆ ဦးက ကျနော်တို့နဲ့ ပတ်သက်မှု မရှိဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

RCSS က ဖမ်းဆီးသွားသော ရွာသား ဦးအိုက်အိုင်၊ ဦးအိုက်လင်း၊ ဦးကျန်မင်း၊ ဦးဆိုင်အိုင်၊ ဦးညီလူ၊ ဦးတုံပ၊ ဦးအိုက်ကြိုး၊ ဦးမောင်စိန်၊ ဦးမြကျော်၊ ဦးအိုက်ကြာနှင့် ဦးမောင်ညိုတို့ ၁၁ ဦးကို ဇန်နဝါရီလ ၁၈ ရက်က ဖမ်းဆီးကြိုးတုတ်၍ ခေါ်ဆောင်သွားခဲ့သော်လည်း ထိုနေ့တွင် ဦးမောင်ညိုက လမ်းခရီးတွင် ဖျားနာလာသဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၇ ရက်မှ ၁၉ ရက်ထိ TNLA နှင့် RCSS တို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ထိ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခြင်း မရှိသလို၊ အစိုးရ စစ်တပ်နှင့်လည်း ဇန်နဝါရီလ ၂၄ ရက်က တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယနေ့ထိ တိုက်ပွဲ ဖြစ်ပွားမှု မရှိဟု TNLAက ဆိုသည်။ သို့သော် အစိုးရ စစ််တပ်၏ စစ်တပ်အင်အား တိုးမြှင့်မှုများ ဆက်လက် ရှိနေဆဲ ဖြစ်သည်ဟု မိုင်အိုက်ကျော်က ဆိုသည်။

“ထိတွေ့မှု မရှိလို့တိုက်ပွဲတော့ မရှိတာ။ ထိုးစစ်က ပိုပြီးများလာတယ်။ ၂၄ ရက်က နမ်ဆန်ဘက် အစိုးရ စစ်တပ်အင်အား ၁၀၀ ကျော် ထပ်တိုးထားတာ ရှိတယ်။ တစ်ရွာခြား နှစ်ရွာခြား နီးနီးကပ်ကပ်တော့ ရှိနေပြီးတော့ တဖက်က ဝင်လာရင်တော့ တိုက်ပွဲက အချိန် မရွေးဖြစ်နိုင်မယ့် အနေအထားတော့ ရှိနေတယ်”ဟု သူက ပြောသည်။

လွယ်ဆာကျေးရွာလူကြီး အပါအဝင် ၄ ဦးအား RCSS က TNLA နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျန် ရ ဦးကိုလည်း ပေါ်တာအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကလည်း ဇန်နဝါရီလ ၂၀ ရက်က သတင်းထားထုတ်ပြန်ခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သော ဇန်နဝါရီလ ၁၇ ရက်မှ စတင်၍ ထွက်ပြေးတိမ်းရှောင်နေရသော လွယ်ဆာ ကျေးရွာသား ၂၀၀ ကျော်သည် ယနေ့ထိ မိုင်းလုံမြို့နယ်နှင့် မိုးကုတ်မြို့ အရှေ့ဘက် အုဌ်ဖိုလ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရဆဲ ဖြစ်သည်ဟု သိရသည်။

RCSSသည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မှုကြမ်း (NCA) လက်မှတ်ရေးထိုးပြီးနောက် TNLA နှင့် တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ် ယွပ်ဆစ် ဦးဆောင်သောအဖွဲ့သည် ဆွစ်ဇလန်နိုင်ငံသို့ သွားရောက် လေ့လာခွင့်ရခဲ့ရာမှ ဇန်နဝါရီလ ၂၆ ရက်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...