ရွေးချယ်ပင်ထောင်ရိုက်နှိပ်ခြင်းစနစ်တွင် မြန်မာ့သစ်လုပ်ငန်း၏ ဝန်ထမ်းများနှင့် မြန်မာ့သစ်တော ဝန်ထမ်းများက သစ်ထုတ်မည့် လုပ်ငန်းခွင်အတွင်းသို့ ၎င်းတို့ ကိုယ်တိုင်ဦးစီးကြီးကြပ်ပြီး ထုတ်လုပ်မည့်သစ်လုံး၊ သစ်ပင်များကို မှတ်သားရိုက်နှိပ်ပြီးမှ သစ်ခုတ်ယူရသည့် စနစ်ဖြစ်သောကြောင့် ယခင်ကျင့်သုံးသည့် MP (modified proxy)စနစ်ထက် သစ်လုံးများကို ပိုပြီး စနစ်တကျထုတ်ယူသွားနိုင်တော့မည်ဟု ဦးတင်မောင်သန်းက ကန္တာရဝတီတိုင်း(မ်) သို့ ဇန်နဝါရီ ၁ ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ် သည်။
၂၀၁၄-၂၀၁၅ ဘတ်ဂျတ်နှစ် အတွင်းထုတ်လုပ်ခဲ့သည့်စ်များ ဖားဆောင်းမြို့ ပါပု သစ်ဆိပ်တွင် တွေ့ရပုံ (ဓါတ်ပုံ - စိုင်းလင်းလင်းဦး)
“ဒီပင်ထောင်ရိုက်မှတ်တဲ့စနစ်ကို စပြီးတော့ အသုံးပြုသွားတော့မယ် MP (modified proxy)စနစ်ဆိုတာက အရင်နယ်မြေ မငြိမ်းချမ်းတဲ့အခါကြတော့ ကျနော်တို့ဝန်ထမ်းတွေ ဟိုတောထဲကို အလုပ်ဝင်လုပ်ဖို့က အခြေအနေအရ ခက်ခဲတယ်။ တိကျတဲ့ စီမံခန့်ခွဲမှုတွေ ကျနော်တို့က မလုပ်ပေးနိုင်ဘူး။ သူတို့က (သစ်ထုတ်ပုဂ္ဂလိက ကုမ္ပဏီများ) ရှိတဲ့တောကနေ ရှိတဲ့အပင်ခုတ်လာ တယ်။ အရင်တုန်းကလည်း နယ်မြေက မတည်ငြိမ်တော့ အဲ့ဒီလိုစနစ်နဲ့ပဲ ထုတ်ခဲ့တာပေါ့။ အခု ပင်ထောင်ရိုက်မှတ်တဲ့ စနစ်တွေကို လုပ်နေပေမယ့် အခက်အခဲတွေ တချို့တွေ ရှိသေးတယ်။ ကုမ္ပဏီတွေက ဒီစနစ်နဲ့ သိပ်အကျွမ်းမဝင်သေးတော့ လုပ်ကိုင်ရတာ သူတို့အနေနဲ့စိတ်ဝင်စားမှု နည်းနေသေးတယ်” ဟု ဦးတင်မောင်သန်းက ပြောသည်။
ယင်းကဲ့သို့သော MP စနစ်ကြောင့် ပြည်နယ်တွင်း သစ်ထုတ်ကုမ္ပဏီ ၈ ခုနှင့် အခြား ပြင်ပ သစ်ထုတ်ကုမ္ပဏီ ၁ ခုကို လျှာထားချက်အတိုင်း ထုတ်လုပ်ခွင့်ပေးခဲ့သည်။ MP စနစ်တွင် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ သစ်ထုတ်လုပ်သည့် နေရာဒေသများသို့ ကိုယ်တိုင်သွားရောက် စစ်ဆေးနိုင်ခြင်းမရှိသည့်အတွက် နောက််ဆက်တွဲအကျိုးဆက် အနေဖြင့် သစ်မှောင်ခိုထုတ်ယူခြင်းများ ပြည်နယ်တွင်း ကြီးထွားခဲ့ပြီး သစ်တောပြုန်းတီးမှုများလည်း ဖြစ်ပေါ်လာခဲ့ကြောင်း ပြည်နယ် တွင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသည့် အဖွဲ့များက ပြောဆိုမှုများ ရှိနေသည်။
ကယား(ကရင်နီ)ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားဆောင်ရွှက်နေသည့် ကရင်နီ အမြဲစိမ်းအဖွဲ့ (Karenni Evergreen) ၏ တာဝန်ခံ ဒေါ်အားမူထူးက အစိုးရက သစ်ထုတ်လုပ်မှုဆိုင်ရာ စည်းကမ်းသက်မှတ်ချက်များ ချမှတ်ထားသော် လည်း ပြည်နယ်တွင်းသစ်ထုတ်လုပ်မှုများကို ရပ်တန့်စေချင်သည်ဟု ပြောသည်။
“သစ်ထုတ်လုပ်မှုတွေက လုပ်ဖို့မသင့်တော့ဘူး ရပ်ထားရတော့မယ် ဘာဖြစ်လို့လဲဆိုတော့ သစ်တောတွေက တော်တော်လေး ကုန်နေပြီပေါ့လေ။ ကျန်ရှိနေသေးတဲ့ ဒီတစ်တောတွေကို ပိုပြီးတော့ကောင်းလာအောင် ပြန်ပြီတော့ ပြုစုပျိုးထောင် နိုင်အောင် ပြန်ပြီးတော့အစားထိုး ပြန်ပြီးတော့ စိုက်ပျိုးတဲ့ စီမံကိန်းတွေ လုပ်ပေးနိုင်ရင် ကောင်းတာပေါ့လေ” ဟု ပြောသည်။
တစ်ဖက်တွင်လည်း သစ်လုပ်ငန်းနှင့် သစ်ထုတ်ခြင်းကို ယခင်နှစ်များတွင် ပြည်ထောင်စုအစိုးရမှ စီမံလုပ်ကိုင်လာခဲ့သော်လည်း လာမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား (၁)၊ ဇယား(၂)ကိုဖြေလျော့ပြီး ပြန်လည်ပြင်ဆင်ပြဌာန်းချက်အရ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျွန်းနှင့် သစ်မာအုပ်စ ု(၁) က သစ်အမျိုးအစား (၆)မျိုး (ပိတောက်၊ ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်း၊ တံမလန်၊ သင်္ဃန်း) ကိုသာ ပြည်ထောင်စုအစိုးရက စီမံချက်နဲ့ထုတ်လုပ်တော့ မည်ဖြစ်ပြီး ကျန်သစ်မျိုးများကို ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အစီအမံတွေပြုလုပ်ပြီးတော့ ဒေသခံ လုပ်ငန်းရှင်တွေကို ထုတ်လုပ်ရောင်းချခွင့် ပေးတော့ မည်ဟု ဦးတင်မောင်သန်းက ပြောသည်။
“ ပြည်ထောင်စုအစိုးရက ကျွန်း နဲ့ အုပ်စု(၁)သစ်မာ (၆)မျိုးကိုပဲ စီမံချက်နဲ့ ထုတ်လုပ်သွားပြီးတော့ ၂၀၁၆ ခုနှစ်မှာ ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ကျန်သစ်မျိုးများကို ဒေသဖွံ့ဖြိုးရေးအတွက် အစီအမံပြုလုပ်ပြီးတော့ ဒါကြတော့ သူတို့ပေါ်လစီ သူတို့ပေးလိမ့်မယ်။ ပေါ်လစီကတော့ အသေးစိတ်မထွက်သေးဘူး ဒေသခံလုပ်ငန်းရှင်များကို ထုတ်လုပ်ရောင်းချခွင့်ပြုသွားပါမယ်။ အသေးစိတ် အစီအမံတွကတော့ ပြည်နယ်အစိုးရကပဲ ထပ်ပြီးတော့ လမ်းညွှန်ချက်တွေ ထပ်ထွက်လာမှာပေါ့” ၎င်းကပြောသည်။
ကယား(ကရင်နီ)ပြည်နယ်တွင် ကြိုးဝိုင်းတော (၅)ခု စုစုပေါင်း ဧက ၁၇၀၀၀၀ ကျော်၊ ကြိုးပြင်ကာကွယ်တော (၁၂)ခု စုစုပေါင်း ဧက ၁၄၀၀၀၀၀ နီးပါး ရှိပြီး လာမည့် ၂၀၁၅-၁၆ ဘတ်ဂျတ်နှစ်တွင် ပြည်ထောင်စုအစိုးရ၏ လျာထားချက်အရ သံလွင်အရှေ့ခြမ်းကြိုးပြင်ကာကွယ်တော (၁) ရှားတော၊ သံလွင်အရှေ့ခြမ်း (၂) မယ်စဲ့၊ နန့်မန်းကြိုးပြင်ကာကွယ်တော(မယ်စဲ့)၊ ခဲမဖြူကြိုးပြင်ကာကွယ်တော(ဖါးဆောင်း)၊ ထူးချောင်းကြိုးဝိုင်းနှင့် ဘောလခဲ-ဖါးဆောင်း ကြားရှိ အပတော တို့တွင် ကျွန်းသစ် ၅၀၀ တန်နှင့် သစ်မာ ၁၀၀၀ တန် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ဒေသဖွံ့ဖြိုးရေးအတွက် သစ်လုပ်ကိုင်ခွင့်များကို အစိုးရဌာနများနှင့် နီးစပ်သော ကန်ထရိုက်များသာ လွှမ်းမိုးထားပြီး ပြန်လည်ရောင်းချတဲ့ စျေးနှုန်းများသည် ဒေသခံများအတွက် မြှင့်မားသော အနေအထားမှာ ရှိနေခြင်းမှာ ပြည်နယ်တွင်းဒေသခံများ မှောင်ခိုစျေးကွက်ကို အားပေးသလိုဖြစ်နေပြီး လာမည့်အစိုးရသစ်အနေဖြင့် သစ်ထုတ်လုပ်မှုလုပ်ငန်းများကို ပွင့်လင်းမြင်သာမှုရှိစေချင်သည်ဟု ပြည်နယ်တွင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူ တစ်ဦးက ပြောသည်။
“လာဘ်ပေး၊ လာဘ်ယူစနစ်က ဖျောက်ပစ်မှပဲရမယ်။ ဒီကုမ္ပဏီက ဒီ Permit (လုပ်ပိုင်ခွင့်) လိုချင်တယ် ဒီတာဝန်ရှိသူတစ်ယောက်ယောက်နားကို ချဉ်းကပ်လိုက်တယ်။ ဆိုတော့ သူ့ရဲ့ရာထူးအရှိန်နဲ့ ပေးလိုက်တာပေါ့နော်။ အဲ့ဒါတွေကြားထဲမှာ ဒါကပြဿနာပေါ့နော် အဲ့ခါကျတော့ တက်လာမယ့်အစိုးရသစ်ကလည်း ဒါတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မှပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိ ကယား(ကရင်နီ)ပြည်နယ်တွင် သစ်တောမြေဧရိယာ အတွင်းက အစုအဖွဲ့ပိုင်သစ်တောများကို နှစ်(၃၀)စာချုပ်ချုပ်ဆိုကာ မြေငှားအခွန်ကင်းလွှတ်ခွင့်စနစ်ဖြင့် မြေတစ်ဧကတွင် အပင်(၁၅၀)စိုက်ရန်အတွက် မြေဧက (၄၀၀၀)ကျော်အထိ ခွင့်ပြုထားပြီဖြစ်ကြောင်း ကယားပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ညွှန်ကြားရေးမှူး ဦးတင်မောင်သန်းထံမှ သိရှိရသည်။
အနှစ်(၃၀)အထိ လုပ်ကိုင်ခွင့် ပေးထားသော ဒေသအစုအဖွဲ့ပိုင်သစ်တော ပုံစံမျိုးကို လျှောက်ထားနိုင်ပြီး လုပ်ကိုင်ခွင့်ပေးနေပြီဖြစ်သော်လည်း ဒေသခံတွေ သိရှိမှု နည်းသေးသလို ယင်း ဥပဒေမှာ အားနည်းချက်တွေ တစ်ချို့ရှိနေသေးသည်ဟု Karenni Evergreen မှ ဒေါ်အားမူထူးက ဆိုသည်။
“ ဒီအစိုးရရဲ့ အစုအဖွဲ့ပိုင်သစ်တော ဆိုတာက တစ်ခြားသော စီးပွားရေးလုပ်ငန်းရှင်တွေ တစ်ခြားသော စီးပွားရေးလုပ်ကိုင် သူတွေ၊ ပြင်ပက လာလျှောက်ထားလို့ရတဲ့ဟာတွေ ဖြစ်တာပေါ့နော် ပြဿနာက ဒေသခံတွေ အရင်ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ သစ်တောတွေအတွက်လည်း သွားထိခိုက်နိုင်တာပေါ့နော်။ ဒါတွေက ဒေသခံတွေ ဘိုဘွားစဉ်ဆက်ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ သူတို့ကိုယ်တိုင်စီမံခန့်ခွဲတယ်။ ထုတ်ယူသုံးစွဲရင် သူတို့ကိုယ်တိုင်ထုတ်ယူသုံးစွဲလို့ရတာပေါ့။ တခါတလေခါကျတော့ ကျမတို့တွေ့ဖူးတယ်လေး လူလေး၊ ငါး ယောက်ကနေပဲ အစုအဖွဲ့ပိုင်သစ်တောလိ့ုပြောပြီးတော့ ဆိုင်းဘုတ်ထောင်တော့ ကုမ္ပဏီတွေရဲ့ နာမည်တွေပဲ ဖြစ်နေတယ်ပေါ့နော်” ဟု ပြောသည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြီးစီးခဲ့သည့် ကရင်နီပြည်နယ်ညီလာခံတွင်လည်း ကယားပြည်လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုကွန်ရက် (Kayah Earthrights Action Network) မှ ၂၀၁၄-၁၅ ခုနှစ်အတွင်း ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ မယ်စဲ့မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၁၅)စု၊ ကျေးရွာပေါင်း(၄၂)ရွာကို အခြေခံပြီး သုတေသနပြုစုထားသည့် ရိုးရာဓလေ့မြေအသုံးပြုမှုဆိုင်ရာ သုတေသနစာတမ်း တစ်ခုကို တင်သွင်းခဲ့သေးသည်။
ယင်းစာတမ်းတွင် လက်ရှိပြဌာန်းထားသော ဥပဒေများသည် ဒေသခံတိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်လာခဲ့သော မြေကို အစိုးရ၏ သစ်တောမြေများ အဖြစ်သို့လည်းကောင်း၊ ကာကွယ်တောများအဖြစ်သို့လည်းကောင်း၊ စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းများအဖြစ်သို့လည်းကောင်း၊ ပြင်ပမှပိုင်ဆိုင်အသုံးပြုနိုင်ရန်အတွက် ဦးတည်တွန်းပို့နေသည် ကို တွေ့ရသည်ဟု ပါရှိသည်။
ထို့အပြင် လက်ရှိပြဌာန်းထားသော ဥပဒေများသည် ဒေသခံဌာနေတိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း မြေပိုင်ဆိုင်မှုကို အကာအကွယ်မပေးနိုင်သည့်အပြင် ဒေသခံဌာနေတိုင်းရင်းသားများ အချင်းချင်းအကြားတွင် ပဋ္ဋိပက္ခများ ပိုမိုဖြစ်ပေါ်စေသည် ကို တွေ့ရသည်ဟု ယင်းစာတမ်းတွင်ဖေါ်ပြထားသည်။
ယခင်အစိုးရသက်တမ်း ၅ နှစ်အတွင်းတွင် ၂၀၁၀-၁၁ ခုနှစ်မှ ၂၀၁၄-၁၅ ခုနှစ်အထိ ကျွန်းသစ် ၂၉၁၄၆ တန်နှင့် သစ်မာ ၄၇၉၄၄ တန် ထုတ်လုပ်ခဲ့ပြီး သစ်တောဦးစီးဌာနမှ ဖမ်းဆီးခဲ့သည့် တရားမဝင်သစ်များမှာ ၂၀၁၄-၁၅ ဘက်ဂျတ်နှစ်တွင် ကျွန်း၊ သစ်မာ အမျိုးအစားလိုက် စုစုပေါင်း ၃၇၂.၈၅ တန်နှင့်အတူ ယာဉ်(၉)စီး၊ တရားခံ (၁၁) ဖမ်းဆီးရရှိခဲ့သည်။ ၂၀၁၅-၁၆ ဘတ်ဂျတ်နှစ်အတွင်း ဒီဇင်ဘာလအထိ ကျွန်း၊ သစ်မာ အမျိုးအစားအလိုက် ၅၆၁.၀၇တန် ဖမ်းဆီးရရှိခဲ့သည်ဟု ကယား(ကရင်နီ)ပြည်နယ်၊ သစ်တောဦးစီးဌာန၏ စာရင်းဇယားအရသိရသည်။







