ကာပရူးကျေးရွာ သွားလာရေးအတွက် ကိုယ်ထူကိုယ်ထ လမ်းဖောက်လုပ်နေရ

ကာပရူးကျေးရွာ သွားလာရေးအတွက် ကိုယ်ထူကိုယ်ထ လမ်းဖောက်လုပ်နေရ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် ရော်ဒိုခေါကျေးရွာအုပ်စုရှိ ကာပရူးကျေးရွာတွင် ရွာသားများ ၎င်းတို့ကျေးရွာမှ ကားလမ်းမထိ သွားရေးလာရေး အဆင်ပြေရန် ကိုယ်ထူကိုယ်ထ လမ်းဖောက်လုပ်နေကြရသည်ဟု ၎င်းကျေးရွာ၏ ဆယ်အိမ်မှူး ဦးကေကောရီယိုက ဇန်နဝါရီလ ၄ ရက်နေ့က ကန္တာရဝတီတိုင်း(မ်) သို့ ပြောကြားသည်။

“ကျွန်တော်တို့ ရွာလေးကနေ ဟိုး…ကားလမ်းထိပေါ့ ကျွန်တော်တို့ ဆီကနေထွက်လာတဲ့ အသီးအနှံတွေ ပြီးတော့ ကျွန်တော်တို့ စားစရာတွေ သယ်ယူတဲ့အခါမှာ အဆင်ပြေအောင် ကျွန်တော်တို့ လမ်းတွေ ကိုယ့်ဟာကိုယ် ဖောက်လုပ်နေကြတာပါ ” ဟု ဦးကေကောရီယိုက ပြောသည်။

၎င်းကာပရူးကျေးရွာမှ ၃ မိုင်ခန့်ဝေးသည့် ကားလမ်းမထိကို နှစ်စဉ်ကိုယ်ထူကိုယ်ထ လမ်းများ ဖောက်လုပ်ကြရပြီး ယခုတွင် တောင်စောင်းလမ်းမှ ဆိုင်ကယ်နှင့်သာ သွားလာနိုင်ပြီး အန္တရာယ်ရှိသောကြောင့် ယခုလို လမ်းကို ထပ်မံ ချဲ့ထွင် ဖောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သွားရေးလာရေးနှင့် အခက်အခဲများ ကြံုတွေ့နေရခြင်းနှင့် ပတ်သက်ပြီး ကာပရူးကျေးရွာမှ ဦးပေတြူက “ ကျွန်တော်တို့ သွားရေးလာရေးတွေပိုအဆင်ပြေချင်တယ် အဓိက ကတော့ သွားဖို့လာဖို့အဆင်ပြေရင် ပြီးပြီ ” ဟု ပြောသည်။

လမ်းဖောက်လုပ်ပေးရန် ကျေးလက်ဦးစီးဌာနသို့ စာတင်ထားသည်မှာ နှစ်ကြိမ်ရှိနေပြီ ဖြစ်သော်လည်း ယခုချိန်ထိ တစ်စုံတစ်ရာလုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း ကယောလူငယ်အဖွဲ့မှ ကေဖိုးအီက ပြောသည်။

“ကျွန်တော်တို့ ကျေးလက်ကို တင်ပြပေးတာ နှစ်ခါရှိပြီ၊ မကျလာဘူးလေး အဲ့ဒါကြောင့် သူတို့လည်း လမ်းပေါက်ချင်လို့ ကိုယ်ထူကိုယ်ထဖောက်နေရတာ ” ဟု ပြောသည်။

ကာပရူးကျေးရွာသည် ဝေးလံခေါင်ပါးခြင်းနှင့် ကားလမ်းမပေါက်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရန် အခက်အခဲကြံုနေရကြောင်းလည်း ကာပရူးကျေးရွာမှ အဒေါ်တစ်ဦးက ပြောသည်။

“ကျမတို့ ကလေးတွေဖျားပြီဆိုရင် ဟိုး…. ယာဒိုအထိသွားတယ် ခြေကျင်နဲ့ပဲ ဝေးတော့ဝေးတာပေါ့၊ ဒါပေမယ့် မတတ်နိုင်ဘူးလေး ကိုယ့်ရွာမှာ ဆေးခန်းမှမရှိတာ ” ဟု ပြောသည်။

ယာဒိုကျေးရွာတွင် ကျေးလက်ဆေးပေးခန်းတခုရှိပြီး ကာပရူးကျေးရွာနှင့် ၅ မိုင်ခန့် ဝေးကွာသည်။

ကာပရူးကျေးရွာသူ ကျေးရွာသား အားလုံးနီးပါးက လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေနေလျှင် ကျန်သည့် ပညာရေး၊ ကျေးရွာဖွံ့ဖြိုးရေးအပိုင်းတို့သည် နောက်ပိုင်းလိုက်လာမည်ကို ယုံကြည်နေကြသောကြောင့် ယခုလို အစိုးရအပြောင်းအလဲဖြစ်ပေါ်လာချိန်တွင် မကြာခင်တက်လာမည့် အစိုးရသစ်အနေဖြင့် လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေဖို့သာ တောင်းဆိုလိုကြောင်း ဒေသခံများက ပြောကြားသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...