အသက် (၃၈)နှစ်ရှိပြီဖြစ်သော ဖိုးတခေတ် ခေါ် စောကျော်လှသန်း၏ မွေးနေ့ပွဲသို့ တောင်ငူ၊ မော်လမြိုင်၊ ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ အပေါင်၊ ဇင်းကျိုက် စသည့်ဒေသများမှ ရဟန်း၊ သံဃာနှင့် လူထုပရိဿတ် ၅၀၀၀ ခန့် လာရောက်ဆင်နွဲခဲ့ကြသည်။
ဖူးတခေတ်က “ကျနော်ကတော့ ဒေသတွင်းမှာ မေတ္တာနဲ့ပဲ အဓိကထားပြီး ငြိမ်းချမ်းစွာနဲ့ပဲ လူမျိုး ဘာသာမရွေး ကူညီပြီး စုပေါင်း နေထိုင်တယ်။ အဓိကကတော့ ကရင်တို့ရဲ့ရိုးရာယဉ်ကျေးမှုတွေကို ထိမ်းသိန်းစောင့်ရှောက်ပြီး မတိမ်ကော၊ မပျောက်ကွယ်ရအောင် နှစ်စဉ် အဓိဌာန်ပြုပြီး ဖော်ထုတ် ကျင်းပပေးနေတာ ဖြစ်ပါတယ်”ဟု ပြောသည်။
၎င်းအပြင် မိမိအနေဖြင့် ဘာသာ၊ သာသနာနှင့် အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်ရေး အတွက် ဒေသတွင်းရှိ ဆရာတော်၊ သံဃာတော်ကြီးများ၏ သြဝါဒကိုခံယူပြီး စုပေါင်းထိန်းသိမ်းလျက် ရှိသလို ကရင်လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားကာ မပျောက်ကွယ်ရအောင် နောင်လာမည့် နှစ်များတွင်လည်း ယခုကဲ့သို့ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သူက ပြောသည်။
မွေးနေ့ပွဲတွင် ဒေသတွင်းရပ်နီးရပ်ဝေးမှ သံဃာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်း၊ တရားနာ၊ သီလယူ ရေစက်ချခြင်း၊ ရိုးရာ ထမုတ်ဆွမ်းတော်ကြီး တင်လှူခြင်း၊ ရိုးရာဓလေ့ အယူအဆ များအရ ဆိတ်၊ ဆတ်၊ မြင်း၊ ကျွဲတို့ဖြင့် ဆင်ယင်သော ပန်းရထားများဖြင့် ထမုတ်ကွင်းအား လှည့်လည်ပူဇော်ခြင်း၊ စတုဒီသာ ကျွေးမွေးခြင်းတို့အပြင် ကရင်ဇာတ်သဘင် ၁၂ဖွဲ့ဖြင့်လည်း မွေးနေ့ပွဲသို့ လာရောက်ကြသူများကို ဖျော်ဖြေခဲ့ကြသည်။
မွေးနေ့ပွဲသို့လာရောက်သည့် သူနာပြု(အငြိမ်းစား) ဆရာမကြီးတစ်ဦးက “ကျမတို့တော့ အဖိုးရဲ့သီလ၊ သမာဓိကို ယုံကြည်လေး စားလို့ နှစ်တိုင်း လာရောက် ဆင်နွှဲပါတယ်။ ကျမက သူနာပြု ဆရာမ အငြိမ်းစားဆိုတော့ တတ်နိုင်တဲ့ ဆေးပညာနဲ့ အဖိုးမွေးနေ့ ပွဲ လာရောက်တဲ့သူတွေကို နှစ်တိုင်း ကျန်းမာရေး လာရောက်စောင့်ရှောက်ပေးနေတာပါ”ဟု ပြောသည်။
ဖိုးတခေတ်အား ယုံကြည်ကိုးစားသူများ စုပေါင်းနေထိုင်ရာ ဂျိုင်းကျေးရွာကို ကရင့်အမျိုးသားရွာဟု ခေါ်တွင်စေပြီး အိမ်ထောင်စု ၁၅၀ ဝန်းကျင်နှင့် လူဦးရေ ၅၀၀ ခန့်အပြင် ကျောင်းနေအရွယ်ကလေး ၅၀ ကျော်အတွက် ကျေးရွာ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းကို လုပ်အားပေးဆရာမ နှစ်ယောက်ဖြင့် သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
ယခင်က အဆိုပါ ယုံကြည်သူများမှာ ဖားအံမြို့နယ် အောက်ရေတံခွန်ရပ်၊ ဒုံရင်းကျေးရွာအုပ်စုတွင် နေထိုင်ခဲ့ကြပြီး ယခုနေထိုင် ရာ ဂျိုင်းကျေးရွာအုပ်စု၊ ရိုးမဟာကုန်းဘက်သို့ ပြောင်းရွှေ့နေထိုင်လာသည်မှာ ၁၀နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။







