ယင်းဥပဒေကြမ်းကို ရည်ရွယ်ချက်သုံးရပ်ဖြင့် ရေးဆွဲတင်ပြခြင်းဖြစ်ပြီး အခန်းပေါင်း(၅)ခန်း၊ ပုဒ်မပေါင်း (၁၄)ခုနှင့် ရေးဆွဲထားပြီး နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ အသက်အန္တရာယ်နှင့် ကိုယ်ကာယကို ထိခိုက်ခြင်းမှ ကြိုတင်ကာကွယ်ရန် လုံခြံရေးဆိုင်ရာဆောင်ရွက်နိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်တော်လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသည့် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေး ဆိုင်ရာ ဥပေဒကြမ်းကို ပြည်သူ့ လွှတ်တော်၌ စတင်ဆွေးနွေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်ရုံးက ဒီဇင်ဘာ ၁၈ရက်နေ့က ပေးပို့ခဲ့ကြောင်း နှင့် နိုင်ငံ အသီးသီးတွင် လည်း အလားတူ ဥပဒေမျိုး ပြဌာန်း ထားသည်ကို တွေ့ရကြောင်း ပြည်သူ့လွှတ်တော် ဥပေဒကြမ်းကော်မတီက ပြည်သူ့ လွှတ်တော်သို့ အစီအရင်ခဲ့သည်။
“ကျွန်တော်တို့ နိုင်ငံအသီးသီးမှာလည်း ပြဌာန်းထားတာကိုတွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း Homar Presidents Act ဆိုပြီးတော့ တွေ့ရသလို အင်္ဂလန်နိုင်ငံမှာ Public Servise Person Act ဆိုပြီးတွေ့ပါတယ်" ဟု ပြည်သူ့လွှတ်တော် ဥပေဒကြမ်းကော်မတီကမှ ဦးစောလှထွန်းက လွတ်တော်တွင် အစီအရင်ခံခဲ့သည်။
ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ တင်သွင်းသည့် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေး ဆိုင်ရာဥပေဒကြမ်း ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ တွေ့ရှိချက်များနှင့် ပြင်ဆင်နိုင်ရန် အချက်(၆) ချက်တို့ကို လွှတ်တော်သို့ အစီအရင်ခံခဲ့သည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကလည်း အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုများ တင်သွင်းလိုသည့် ကိုယ်စားလှယ်များသည် မိမိတို့ ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်နှင့်အပိုဒ်ခွဲ အကြောင်းအရာတို့ကို ဖော်ပြ၍ ဒီဇင်ဘာ ၂၃ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းရန် ကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပေဒကြမ်းကို (က) နိုင်ငံတော် သမ္မတ တာဝန်ထမ်ဆောင်ခဲ့သူ၏ အသက်အန္တရယ်နှင့် ကိုယ်ကာယကို ထိခိုက်ခြင်းမှ ကြိုတင်ကာကွယ်ရေး သို့မဟုတ် ကာကွယ်နိုင်ရေးအတွက် လုံခြံုရေးဆောင်ရွက်ရန်၊ (ခ) နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူအား မိသားစုနှင့်အတူ လုံခြံုစွာနှင့် စိတ်အေးသက်သာ စွာ နေထိုင်နိုင်စေရန်၊ (ဂ) နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ပြီးနောက်ပိုင်းတွင် သမ္မတတာဝန်ထမ်းဆောင်စဉ်က ဥပဒေနှင့် အညီ ဆုံးဖြတ်ခဲ့မှုများနှင့်စပ်လျဉ်း၍ အနှောက်အယှက်ပေးခြင်း၊ အန္တရာယ်ပြုခြင်းတို့မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ရေးဆွဲ ထားခြင်းဖြစ်ကြောင်း သိရသည်။







