“အရေးတကြီး ကျွန်တော်တို့ ပြောခဲ့တာကတော့ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍပေါ့။ လူငယ်တွေ ပါဝင်ခွင့်ရဖို့ဆိုတဲ့ အကြောင်းအရာလေးတွေကို ကျွန်တော်တို့ ပြောပြဆွေးနွေးခဲ့တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုတွင် ပါဝင်သူတစ်ဦးဖြစ်သူ ကိုမိုဃ်းသွေးက ဆွေးနွေးမှုအပြီးတွင် မီဒီယာများကို ပြောသည်။
ဆွေးနွေးမှုရလာဒ်အဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် NLDပါတီမှ ခေါင်းဆောင်များနှင့် လူငယ်များ တွေ့ဆုံဆွေးနွေးကြ မည်ဖြစ်သည်။ သို့သော် တွေ့ဆုံဆွေးနွေးမည့်ရက်ကို မသတ်မှတ်ရသေးပေ။
လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းရေးကော်မတီဆောင် I-12တွင် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် NLD ဘက်မှ ဦးဝင်းထိန်နှင့် ဦးဖြိုးဇေယျာသော်တို့ တက်ရောက်ကြပြီး လူငယ်စင်တာမှ ကိုမိုဃ်းသွေး၊ ကိုဒီငြိမ်းလင်း၊ ဆလိုင်းဒေစ်ဗန်ဘွေမန်း၊ မနွယ်နီဇင်မြင့် စသူတို့ ပါဝင်သည်။
ဆွေးနွေးပွဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုဒီငြိမ်းလင်းကလည်း “ငြိမ်းချမ်းရေးမှာ လူငယ်တွေရဲ့ ပါဝင် ပတ်သက်မှု အခန်းကဏ္ဍတွေ၊ လက်ရှိ လူငယ်တွေရဲ့ လုပ်ရှားဆောင်ရွက်မှုတွေ၊ ပြီးတော့ လူငယ် စင်တာကိစ္စတွေ အဓိကထားပြီးဆွေးနွေးကြတာပေါ့။ ပြီးတော့ တိုင်းရင်းသားလူငယ်တွေရဲ့ အခက်အခဲ နဲ့ စိန်ခေါ်မှုတွေ အဓိကထားတယ်။ အဓိကကတော့ အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့ လူငယ်တွေ ပေါ်မှာထားတဲ့ အမြင်တွေရယ်၊ ပြီးတော့ ငြိမ်းချမ်းရေးကိစ္စမှာ လူငယ်တွေရဲ့ ပါဝင်မှုအခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ”ဟု ဆွေးနွေးပွဲအပြီးတွင် ပြောသည်။
ထို့အပြင် ဆွေးနွေးပွဲတွင်ပါဝင်သည့် တိုင်းရင်းသားလူငယ်များကလည်း တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးမှုနောက်ကျနေသည့် အခက်အခဲများကို ဒေါ်အောင်ဆန်းစုကြည်အား တင်ပြခဲ့ကြသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ လူငယ်များအား “အစိုးရသစ်ပေါ်လာတဲ့အခါကျရင် လူငယ်နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ လူငယ်နဲ့ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ အများကြီးလုပ်သွားဖို့ ပြောခဲ့ပါတယ်”ဟု ကိုမိုဃ်းသွေးက ပြောသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်များအနက် (၈)ဖွဲ့က အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားသည်။
လက်ရှိ သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းသည် ၂၀၁၆ခုနှစ်၊ မတ်လကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲများတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရထားသော NLDပါတီကို အာဏာလွှဲပြောင်းပေးရမည်ဖြစ်သည်။







