ထိုင်းရိုးရာ လွယ်ကထုံ (ခေါ်) ဆီမီးမျှောပွဲကို ကော့ကရိတ်မြို့တွင် ပထမဆုံးကျင်းပ

ထိုင်းရိုးရာ လွယ်ကထုံ (ခေါ်) ဆီမီးမျှောပွဲကို ကော့ကရိတ်မြို့တွင် ပထမဆုံးကျင်းပ
by -
ကေအိုင်စီ
ထိုင်းနိုင်ငံသားတို့ တန်ဆောင်တိုင်လပြည့်နေ့တိုင်း ပြုလုပ်ကျင်းပလေ့ရှိသော ရိုးရာဓလေ့တစ်ခုဖြစ်သည့် လွယ်ကထုံ (ခေါ်) မီး မျှောပွဲကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြို့ခံအလှူရှင်မိသားတစ်စုက ကထိန်ပွဲနှင့်တွဲဖက်ကာ ထိုင်းရိုးရာပုံစံအတိုင်း နိုဝင်ဘာ ၂၆ရက်(ယမန်နေ့)က ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ကြသည်။

အလှူရှင်ဖြစ်သူ ဒေါ်ဝင်းဝင်းမြင့်က "ထိုင်းနိုင်ငံမှာ ဆီမီးခွက်တွေထွန်းပြီး ရေမျှောကြတဲ့ ဓလေ့ကိုမြင်ရတာ စိတ်ထဲမှာ ကြည်နှူးမှု ဖြစ်ရတယ်။ အဲဒါနဲ့ မဲဆောက်သွားတော့ လွယ်ကထုံ ဆီမီးကြာခွက်လုပ်တဲ့ ပစ္စည်းတွေ လိုက်ဝယ်ပြီး မိသားစုတွေ ၀ိုင်းလုပ်ကြ တာ။ အခုလို ပထမဆုံးအကြိမ် လုပ်ခွင့်ရတဲ့အတွက်လည်း ပီတိဖြစ်ပါတယ်"ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ကျင်းပကြရာတွင် နိုဝင်ဘာ ၂၆ရက်နေ့ မနက်ပိုင်းက ကထိန်ခင်းခြင်း၊ ညနေပိုင်းတွင် ကော့ကရိတ်မြို့ ချောင်းသောင် ရပ်ကွက်ရှိ ချောင်းသောင်ချောင်းတွင် လွယ်ကထုံ (ခေါ်) မီးမျှောပွဲ ပြုလုပ်ခြင်းအပြင် စတုဒီသာကျွေးမွေးခြင်း၊ ကလေးသူငယ် များအတွက် ချောတိုင်တက်ပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ စသည့် အားကစားပျော်ပွဲရွှင်ပွဲများလည်း ပါ၀င်ကြောင်း သိရသည်။

သီတင်းကျွတ်ဝါထွက်အပြီး တန်ဆောင်မုန်းလတွင် ကထိန်သင်္ဃန်းကပ်လှူခြင်း၊ ကထိန်ပဒေသာပင် လှူဒါန်းခြင်းများကို (၂၅)နှစ် ကျော်ကြာ ပြုလုပ်ကျင်းပလာသည့် ကော့ကရိတ်မြို့ခံများအနေဖြင့် ယင်းလွယ်ကထုံ(ခေါ်) ဆီမီးမျှောပွဲကို ယခင်က ကျင်းပလေ့ မရှိခဲ့သော်လည်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ခံအချို့မှာ ယင်းဆီမီးမျှောပွဲကို နှစ်စဉ်် ကျင်းပလေ့ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့ခံ ဦးရွှေလှက "ဒီလို ရိုးရာပွဲတွေ နှစ်စဉ်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ အရင်က ဒို့မြို့မှာ ယိုးဒယားမှာ အလုပ်လုပ် ပြန်လာကြတဲ့သူတွေ ဒီလိုလပြည့်ရက်ဆို ငှက်ပျောတုံးနဲ့ မီးကြာခွက်လုပ်မျှောတာ တစ်စုနှစ်စုပေါ့။ အခုက အလှုရှင် တွေက သူတို့ စိတ်ကူးလေးနဲ့ စပြီး အကောင်အထည်ဖော် လုပ်ကြတာဆိုတော့ ဒို့မြို့မှာအစဉ်အလာလေးဖြစ်ပြီီး နှစ်တိုင်း လုပ်နိုင်သွားရင် ကောင်းတာပေါ့"ဟု ပြောသည်။

ထိုင်းနိုင်ငံသားတို့ ပြုလုပ်သည့် လွယ်ကထုံ ဆီမီးမျှောပွဲမှာ ဗုဒ္ဓဘုရားရှင်အား ဆီမီးပူဇော်ခြင်းဖြစ်သလို မိမိတို့၏ လောဘ၊ ဒေါသ၊ မောဟနှင့် မကောင်းသည့် အတိတ်ကံများ ပပျောက်စေရန် ယူဆကာ ကျင်းပခြင်းဖြစ်သည့်အတွက် ၎င်းတို့၏ ဆံပင်၊ လက်သည်း၊ ပိုက်ဆံ အနည်းငယ်ကို ဆီမီးခွက်ထဲထည့်ကာ ရေမျှောစွန့်ပစ်လေ့ရှိကြောင်း သိရသည်။

ယင်းပွဲတော်ကို ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ လပြည့်နေ့ဖြစ်သည့် နိုဝင်ဘာ ၂၅ရက်နေ့က ထိုင်းနိုင်ငံတစ်ဝှမ်းလုံး၏ ရိုးရာဘာ သာရေးပွဲ အစဉ်အလာတစ်ရပ်အနေဖြင့် ကျင်းပခဲ့ကြခြင်းဖြစ်သည်။ အလားတူ လွယ်ကထုံမီးမျှောပွဲကို ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအောက်ရှိ သောင်ရင်းချောင်း၌လည်း ယင်းမီးမျှောပွဲကို ကျင်းပကာ ထိုင်းဘက်ခြမ်းတွင် စျေးပွဲတော်နှင့် နှစ်နိုင်ငံမှ ဖျော်ဖြေရေး အစီအစဉ်များ ပြုလုပ်လေ့ရှိသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...