“KNPP ရဲဘော်တွေ ပါ၀င်နေတာတော့ မဟုတ်ပါဘူး။ ရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စုက မြို့နယ်မှူးအဆင့် ရှိတဲ့ သူက ကိုယ်တိုင်လိုက်သွားတယ်။ သူက လိုက်ပြီးတော့ ဘယ်လိုပြောရမှာလဲ။ ဦးအောင်မင်းတို့ အနိုင်ရရှိမှ ငြိမ်းချမ်းရေးဆိုတာ ရနိုင်မယ်ပေ့ါလေ။ အဲလို လိုက်ပြီးတော့ ဟောပေး တာပေ့ါ။ အဲလိုမျိုး ကျနော်သိရတာပေ့ါ။ ဒီရွာကလူတွေ ပြောပြတာပေ့ါ။ စကားပြန်နဲ့ လိုက်တာလည်း မဟုတ်ဘူး။ သူတို့ စကားပြန်ရှိပြီးသား”ဟု ရှားတောမြို့နယ် ကယားလူမျိုးစု ဒီမိုကရေစီပါတီဝင် တစ်ဦးက ဆိုသည်။
ထိုကဲ့သို့ ဦးအောင်မင်း အောင်နိုင်ရေးမဲဆွယ်စည်းရုံးရေးတွင် လိုက်ပါခြင်းဖြင့် ဒေသခံများက အထင်အမြင် လွှဲမှားစေနိုင်သည့်အတွက် စိုးရိမ်မိခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“KNPP က ဦးအောင်မင်း မဲဆွယ်စညး်ရုံးရေးမှာ လိုက်ပါနေတယ်ဆိုတဲ့ သတင်းက ထွက်နေတယ်။ KNPP လူတွေကလည်း ဒီကိစ္စက မဟုတ်ဘူးဆိုပြီး ငြင်းပြန်ရော။ ဒါပေမယ့် သတင်းက ကြားနေတယ်။ ဘယ်လိုလဲတော့ မသိဘူး။”ဟု NLD ကို အားပေးထောက်ခံသူ ရှားတောမြို့မှ လူငယ်တစ်ဦးက ဆိုသည်။
ထိုကဲ့သို့ KNPP အဖွဲ့ဝင်အချို့က ဦးအောင်မင်း မဲဆွယ်ခရီးစဉ်တွင် လိုက်ပါခြင်းကြောင့် အခြားပါတီ များအတွက် သံသယဖြစ်နေသလို အဟန့်အတားဖြစ်နေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်(ကျားဖြူ) ပါတီဝင်တစ်ဦးက ပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ဦးအောင်မင်းက ဆန်အိတ်(၂၀၀)လာရောက်စည်းရုံးရေးဆင်းချိန်တွင် KNPP ဘက်မှ တပ်များကလည်း ရောက်ရှိနေသည့် အချိန်ဖြစ်သည့်အတွက် တိုက်ဆိုင်သွားခြင်းဖြစ်သည်ဟု လွိုင်ကော်မြို့နယ် KNPP ဆက်ဆံရေးရုံးမှ တာဝန်ခံ ခူးညေးရယ်က ပြောသည်။
၎င်းက “အမှန်ကတော့ ဦးအောင်မင်းက ဆန်ကူညီတယ်လေ။ ပြီးခဲ့တဲ့ တခေါက်က။ ဆန်ကူညီတော့ ဘယ်လိုပါတီပဲဖြစ်ဖြစ် အကူအညီလာပေးရင် လူထုဆီ စနစ်တကျရောက်အောင်တော့ ကျနော်တို့ ကူညီရတာပဲလေ။ ဘာဖြစ်လို့လဲဆို ဥပမာ - ငြိမ်းဖောင်ဒေးရှင်းလည်း ကျနော်တို့ ကူညီတယ်။ ပြီးခဲ့တဲ့ မော်ချီးတောင်ပြိုတုန်းကလည်း ကျနော်တို့ သွားကူညီတာပဲလေ”ဟု ပြောသည်။
KNPP သည် လက်ရှိမဲဆွယ်စည်းရုံးရေးအချိန်တွင် လူမှုအကူအညီကို ကူညီနေခြင်းမဟုတ်ဘဲ ယခင် အပစ်အခတ်ရပ်စဲရေး မယူချိန်ကတည်းက မြို့နှင့် အလားဝေးသော ကျေးရွာတွေမှာ ကျန်းမာရေး၊ စားဝတ်နေရေး စသဖြင့် ကူညီခြင်းတွင် ပြုလုပ်လာခဲ့ကြောင်း ခူးညေးရယ်က ဆက်ပြောသည်။
ဦးအောင်မင်းသည် မဲဆွယ်စည်းရုံးရေးကာလတွင် မဲဆန္ဒနယ်ရှိ ကျေးရွာများကို ဆန်များပေးခြင်း၊ အခမဲ့ ဆေးပေးခန်း ဖွင့်လှစ်ပေးခြင်း၊ ရိုးရာဒီးကပွဲတွင် သိန်း(၁၀၀)က လှူဒါန်းခဲဲ့ပြီး ရှားတောမြို့ပေါ် ပျံလွန်တော်မူသော ဘုန်းကြီးတစ်ပါးကို သိန်း(၁၀၀)၊ လာမည့် ရှမ်းနှစ်သစ်ကူးတွင်လည်း သိန်း(၁၀၀) လှူရန်ရှိကြောင်းလည်း သိရသည်။
ယခင် ၂၀၁၀ ရွေးကောက်ပွဲတွင် ရှားတောမြို့နယ်တွင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ နေရာရှိခဲ့ရာ ယခုရွေးကောက်ပွဲတွင် တစ်မြို့နယ်လုံး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် ရ တစ်ခုတည်းသာ ရှိတော့သည်။ ရှားတောတစ်မြို့နယ်လုံး မဲဆန္ဒရှင်စာရင်း စုစုပေါင်း ၄၂၅၀ ကျော် ရှိပြီး မဲရုံ ၉ ရုံ ရှိသည်။







