အခင်းဖြစ်ပွားပုံနှင့်ပတ်သက်ပြီး တီးတိန်မြို့ CNF ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ ကိုမာန်နိုးက “ကျနော် တို့က ရုံးစောင့်လည်း မထားဘူး။ ရုံးသန့်ရှင်းရေးလုပ်ပြီး ကိုယ့်အိမ်ကိုယ်ပြန်ကြတယ်။ ည ၁၁ နာရီ ၁၅ မိနစ်လောက်မှာ ပေါက်ကွဲမှုက ဖြစ်တာ၊ အုပ်နံရံကို ဖောက်ပြီး၊ ယမ်းထုတ်နဲ့ပဲလုပ်တဲ့ သဘောရှိတယ်။ အကြီးအကျယ်ပျက်စီးမှုတော့ မရှိပါဘူး။ ရုံးခန်းထဲမှာရှိတဲ့ ထိုင်ခုံတွေလောက်ပဲ ပျက်စီးမှုရှိတာပေါ့’’ဟု ပြောသည်။
CNF သည် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) လက်မှတ်ရေးထိုး လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ လူထုထံရှင်းလင်းတင်ပြခြင်းအစီစဉ်ကို ချင်းပြည်နယ်တွင် ပြုလုပ်ရန် စီစဉ်လျက်ရှိပြီး ယင်းအစီစဉ်ကို ကန့်ကွက်သော လူတစ်စုမှ ယခုကဲ့သို့ ဗုံးဖောက်မှုကို လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ကိုမာန်နိုုးက ပြောသည်။
“NCA လက်မှတ်ထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူထုရှင်းလင်းပွဲလုပ်မယ်။ ကျနော်တို့ ဥက္ကဌကိုယ်တိုင် ဒီကိုလာမယ်။ အဲဒီ အစီစဉ်ကို မလိုလားတဲ့လူတစုက ကန့်ကွက်တဲ့အနေနဲ့ ခုလိုလုပ်တာလို့ ထင်ပါတယ်’’ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ တီးတိန်မြို့ရှိ စစ်ဘက်ရေးရာလုံခြံုရေးအဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့မှ လေ့လာစုံစမ်းမှု များပြုလုပ်နေကြောင်း ဟားခါးမြို့မှ ဗျူဟာမှူးကိုယ်တိုင်လာရောက်မည်ဟုလည်း သူက ဆက်ပြောသည်။
ချင်းအမျိူးသားတပ်ဦး CNF သည် ၎င်းတို့၏ ဆက်ဆံရေးရုံးများကို ချင်းပြည်နယ်ရှိ တီးတိန်၊ ထန်တလန် နှင့် မတူပီ စသည်တို့တွင် ဖွင့်လှစ်ထားသည်။
တီးတိန်မြို့တွင် ဆက်ဆံရေးရုံး စတင်ဖွင့်လှစ်သည့်အချိန်ကလည်း ဒေသခံတစ်ချို့မှ ကန့်ကွက်မှုများ ရှိခဲ့သည်။
တီးတိန်မြို့ CNF ဆက်ဆံရေးရုံးသည် ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်နေ့ ညကလည်း ဖောက်ခွဲခံရ သော်လည်း ယနေ့ထိ တရားခံကို မဖော်ထုတ်နိုင်ခဲ့ကြပေ။







