အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်သူ့အင်အား ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ နေပြည်တော်မှ ဒုတိယ ညွန်ကြားရေးမှူး ဦးဝင်းမြင့် နှင့် ချင်းပြည်နယ် ဖလမ်းခရိုင် ပြည်သူ့ အင်အားဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးတို့က ဦးဆောင်ပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန် ရှိသူများ၊ ဘာသာရေးအဖွဲ့အစည်း၊ အရပ်ဖက်လူ့အဖွဲ့အစည်း နှင့် သတင်းမီဒီယာမှ ပုဂ္ဂိုလ်များ (၅၀) ကျော် တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း သန်းခေါင်စာရင်းကောက်ယူမှု နောက်ခံ၊ သန်းခေါင်စာရင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ သန်းခေါင်စာရင်းကောက်ယူရခြင်းလုပ်ငန်းစဉ်များကို ဦးဝင်းမြင့်မှ အသေးစိပ်ရှင်းလင်းခဲ့သည်။
"ပင်မအစီရင်ခံစာမှာ မပါဝင်သေးတဲ့ အချက် (၄) ချက်ထဲက လူမျိုးနဲ့ ကိုးကွယ်ဘာသာ စာရင်းကိုတော့ သက်ဆိုင်ရာ ဒေသခံ၊ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး ပြုစုလုပ်ဆောင်သွားမယ်"ဟု ဦးဝင်းမြင့်က ပြောသည်။
၃ ရက်ကြာ ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲအတွက် ကုန်ကျငွေကို UNFPA မှ ထောက်ပံ့ခဲ့တာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြည်နယ်အဆင့် နှင့် ခရိုင်အဆင့်ဖြင့် ပြုလုပ်သွားမှာ ဖြစ်ကြောင်း အစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ဒုတိယ ညွန်ကြားရေးမှူး ဦးဝင်းမြင့်က ဆက်ပြောသည်။
ချင်းပြည်နယ်ပင်မ အစီရင်ခံစာတွင် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် မြို့နယ်အဆင့် အိမ်ထောင်စု၊ လူဦးရေ နှင့် လူမှုစီးပွားရေးအချက်အလက်များကို အသေးစိပ်ဖော်ပြထားပြီး အလုပ်အကိုင်၊ လုပ်ငန်း၊ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ မပါဝင်သေးကြောင်း ၎င်းက ဆက်ဆိုသည်။
၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ စုစုပေါင်း ၄၇၈၈၀၁၊ ကျား ၂၂၉၆၀၄ ၊ မ ၂၄၉၁၉၇၊ လူဦးရေ သိပ်သည်းစ တစ်စတုရန်း ကီလိုမီတာလျှင် ၁၃.၃၊ အိမ်ထောင်စု အရေအတွက် ၉၁၁၂၁၊ ခရိုင် ၃၊ မြို့နယ်၊ မြို့နယ်ခွဲ ၁၃၊ ဧရိယာ အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၃၆၀၁၈.၉ ရှိသည်ဟု သိရသည်။







