ရှင်းလင်းပွဲကို Summit Parkview Hotel၊ ၃၅၀၊ အလုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ယခုလ အောက်တိုဘာ (၁၀) ရက်နေ့၊ နံနက် ၉းဝဝ – ၁၂းဝဝ အကြားပြုလုပ်မှာဖြစ်ပြီး CNF အထွေထွေ အတွင်းရေးမှူးချုပ် Pu Zing Cung ကိုယ်တိုင် ဦးဆောင်သွားမည်ဖြစ်သည်။
လူထုရှင်းလင်းပွဲပြုလုပ်ရန် ရှိနေသည်နှင့် တချိန်တည်း အစိုးရနှင့် NCA ခေါ် တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည် နှင့် ပါတ်သက်ပြီး CNF အပေါ် ချင်းပြည်သူလူထုထံမှ အမျိုးမျိုးဝေဖန်မှုများ ထွက်ရှိနေသည်။
CNF သည် အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေးအတွက် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြသာနာကို ဖြေရှင်းရေး မဟာဗျူဟာကို ကျင့်သုံးပြီး ပြည်သူအားလုံး ပါဝင်သော ပြည်သူ့တော်လှန်ရေးဖြစ်ပေါ်လာရေးကို နည်းဗျူဟာ အဖြစ်ထားရှိခဲ့ရာ လူထုနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ လုပ်ဆောင်ချက်များ ရှင်းလင်းခြင်းကို တတ်အားသရွေ့ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးအတွက် တစိုက်မတ်မတ် တောင်းဆိုခဲ့သည့် အတိုင်း NCA မှသည် နိုင်ငံရေးဆွေးနွေးပွဲများဆီသို့ တက်လှမ်းသွားမည်ဖြစ်ကြောင်း NCA လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ချက်ချမှတ်ထားခြင်းဖြစ်ကြောင်း၂၀၁၅ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် CNF က သဘောထားထုတ်ပြန်ထားသည်။
ဆက်လက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းမှ ကြိုးပမ်းမှု များရှိခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ထို့ကြောင့် ချင်းအမျိုးသားတပ်ဦးအနေဖြင့် NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများမှ တဆင့် ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၀-၂၃ ရက်နေ့အကြား ထိုင်း–မြန်မာနယ်စပ် တနေရာတွင် ပြုလုပ်သည့် ချင်းအမျိုးသားတပ်ဦး၏ အရေးပေါ် ဗဟိုကော်မီတီအစည်းအဝေးက NCA ကို လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
CNF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ရ ဖွဲ့နှင့် အစိုးရသည် တနိုင်ငံလုံးပစ်ခပ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ယခုလ အောက်တိုဘာ (၁၅) ရက်နေ့တွင် နိုင်ငံတကာ အသိ သက်သေများ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးကြမှာဖြစ်ပြီး ပွဲဖြစ်မြောက်ရေးအတွက် ပူးတွဲ ကော်မီတီကိုလည်း ဖွဲ့စည်းထားကာ NCA လက်မှတ်ရေးထိုးရန် သုံးရက်အလိုတွင် လက်မှတ်ရေး ထိုးသည့် အဖွဲ့အစည်းများအား အစိုးရက မတရားအသင်းမှ ပယ်ဖျက်သွားမည်ဟု သတင်းများအရ ထပ်မံ သိရသည်။
နိုင်ငံရေး၊ စစ်ရေး အခြေအနေအမျိုးမျိုးကြောင့် လက်ရှိအနေအထားတွင် NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးအနေဖြင့် အတူတကွ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးသော်လည်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေး၊ နှစ်ဖက်လိုက်နာရမည့် စစ်ဖက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများရေးဆွဲရေး၊ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ ဖွဲ့စည်းရေးနှင့် နိုင်ငံရေးဆွေးနွေပွဲများ ကျင်းပနိုင်ရေးတွင် အတူတကွ ပါဝင်နိုင်ရေးအတွက် အားလုံးက ဆက်လက်ကြိုးပမ်းသွားကြရန် နားလည်မှုတည်ဆောက်နိုင်ခဲ့ကြသည်ဟု ၂၀၁၅ စက်တင်ဘာ ၃၀ ရက်နေ့၊ တိုင်းရင်းသား လက်နက်ကိုင်ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ထုတ်ပြန်ထားသည်။







