ယခုနှစ်၊ ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ မြေသားတွေပြိုကျပြီး လမ်းပန်းဆက်သွယ် ရေး ပျက်တောက်မှုများ ရင်ဆိုင်ခဲ့ရသည့်အတွက် ချင်းပြည်နယ် မြို့ပေါ်ပိုင်းမှာသာ စည်းရုံးရေး ဆင်းနိုင်ကြပြီး ကျေးလက်ဒေသအထိ သွားရောက်မဲဆွယ်စည်းရုံးရန် အခက်ကြံုနေကြခြင်း ဖြစ်သည်ဟု ချင်းအမျိူးသား ဒီမိုကရက် တစ်ပါတီမှ ဟားခါးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးချန်ပုမ်က ပြောသည်။
“စည်းရုံးရေးဆင်းလို့မရဘူးဗျ။ မြို့ပေါ်မှာပဲ ကျနော်တို့ တရားဟောနေတယ်။ အရင်တုန်းက ဆိုင်ကယ်နဲ့သွားတဲ့ ဥစ္စာမသွားနိုင် ကားနဲ့သွားတဲ့ ဥစ္စာလည်း မသွားနိုင်။ အရင်တုန်းက သုံးနာရီ လောက် သွားတဲ့ဥစ္စာ အခု နှစ်ရက်လောက် သွားရတယ်၊ အခြေအနေမကောင်းဘူးဗျ။ ဆရာသမား ရယ် ကျနာ်တို့မှာ ဘယ်လိုလုပ်ရမလဲ မသိဘူးဗျ။ နှစ်ရက်ခရီးကို လေး၊ ငါးရက်သွားရတယ် ဗျ။ ခြေလျင်နဲ့ပဲ သွားနေကြတယ်။”ဟု ပြောသည်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီကလည်း တီးတိန်၊ တွန်းဇံဘက်တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ စတင်နေပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘဲ စည်းရုံးရေး လုပ်ငန်းနှောင့်နှေးမှုများ ကြံုနေကြရကြောင်း ပါတီပြောခွင့်ရ ဦးကျင့်ဆွမ်းမန်က ပြောသည်။
“အဓိကတော့ လမ်းပမ်းဆက်သွယ်ရေးပါပဲ ကားတွေနဲ့သွားလို့မရတော့ဘူး။ ဆိုင်ကယ်နဲ့ပဲ သွားရတဲ့ အနေအထားဖြစ်တယ်ဆိုတော့ ခရီးအတော်လေး နှောင့်နှေးတာပေါ့နော်။ အစစအရာရာ ဂရုစိုက်ရတယ်။ ပြီးတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ အနေအထားဖြစ်သွားတာပေါ့။ ဒါပေမယ့် ဒီကြားထဲမှာ ကျနော်တို့အကောင်းဆုံးဖြစ်အောင် မဲဆွယ်မှုတွေစနေပါပြီ”ဟု ပြောသည်။
သဘာဝဘေးဒဏ်သင့်ခံခဲ့ရသော ချင်းပြည်နယ်တွင် ဒေသခံချင်းပြည်သူအများစုသည်လည်း နေ့စဉ်စားရေးသောက်ရေး အတွက် ပူပင်သောကရောက်နေကြသည့်အတွက် ရွေးကောက်ပွဲကိုပင် စိတ်ဝင်စားမှုနည်းပါးကြောင်း ဦးချန်ပုမ်က ပြောသည်။
“လူထုကလည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကိုး။ နိုင်ငံရေးဘက်မှာ စိတ်ဝင်စားမှု မရှိဘူးဗျ။ ကျနော်တို့ ဘာစားမလဲ။ ဘာသောက်မလဲဆိုတဲ့အတွေးမှာပဲရှိကြတယ်ဗျ’’ဟု ဦးချန်ပုမ်က ပြောသည်။
ချင်းပြည်နယ်အစိုးရ၏ ဩဂုတ်လ (၃၁) ရက်နေ့ထုတ်စာရင်းအရ ချင်းပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် နေအိမ်ပြိုပျက်မှုမှာ အိမ်ခြေပေါင်း ၁,၁၀၃ လုံး၊ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂,၀၆၄ သန်း၊ ပြောင်းရွှေ့ရန်လိုအပ်သောအိမ် ၁,၇၈၁လုံး၊ ဆုံးရှုံးမှုတန်ဖိုး ၈,၉၁၀ သန်း၊ ဒုက္ခသည်ပေါင်း ၁၄,၉၇၉ ဦး ရှိသည်ဟု သိရသည်။
မဲဆန္ဒနယ်မြေ စုစုပေါင်း ၃၉ နေရာရှိသော ချင်းပြည်နယ်တွင် နို်င်ငံရေးပါတီ ၁၃ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၀၂ ဦး နှင့် တစ်သီးပုဂ္ဂလ ရ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။







