သီတာဂူ သာသနာပြုအဖွဲ့မှ ချင်းပြည် သဘာဝဘေးသင့် ဘုရားကျောင်းကန်များအတွက် သိန်းပေါင်း ၅၀၀၀ လှူဒါန်း

သီတာဂူ သာသနာပြုအဖွဲ့မှ ချင်းပြည် သဘာဝဘေးသင့် ဘုရားကျောင်းကန်များအတွက် သိန်းပေါင်း ၅၀၀၀ လှူဒါန်း
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်ရှိ သဘာဝဘေးဒဏ်သင့် ခရစ်ယာန် နှင့် ဗုဒ္ဒသာသနာ ဘုရားကျောင်းကန်များအတွက် သီတာဂူ ဗုဒ္ဒသာသနာပြုအဖွဲ့မှ ဂရုဏာ အလှူဒါနအဖြစ် ကျပ်ငွေ သိန်းပေါင်း ၅၀၀၀ နှင့် အခြား ထောက်ပ့ံပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာ (၂၂) ရက်နေ့က ချင်းပြည်နယ်မြို့တော်ဟားခါး၊ အမှတ် (၂) အထက်တန်းကျောင်း ကြွန်ဘိခ်ခန်းမ တွင် ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။

အလှူငွေ ကျပ်သိန်းပေါင်း ၁၀၀၀၀ အနက် ထက်ဝက်စီ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်အတွက် ခွဲဝေပေးခဲ့ပြီး ချင်းပြည်နယ်တွင် နိုင်ငံတော်သာသနာရေး ဝန်ကြီးဌာနက စီမံကွပ်ကဲအုပ်ချုပ်ထားသည့် ဗုဒ္ဒဘာသာ ကျောင်းကန်၊ ဘုရားအားလုံးအတွက် ကျပ်သိန်း ၁၅၀၀၊ ခရစ်ယာန်သာသနာပြုကျောင်း အားလုံးအတွက် ကျပ်သိန်း ၁၅၀၀၊ ခရစ်ယာန်အဖွဲ့အစည်းအားလုံးအတွက် ကျပ်သိန်းပေါင်း ၁၅၀၀ အပြင် ကျန်းမာရေးနှင့်ပညာရေးအတွက် သိန်းပေါင်း ၂၀၀၀ ခွဲဝေလှူဒါန်းခဲ့သည်။

လှူဒါန်းပွဲတွင် သီတဂူ ဆရာတော်က သြဝါဒ မိန့်ခွန်းမြွက်ကြားရာမှာ “မင်္ဂလာဆိုတာက မကောင်းတာ မှန်သမျှကို ဖယ်ရှားခြင်း၊ ကောင်းမှုမှန်သမျှကို ပြုစုပျိုးထောင်းခြင်းပါ။ ဒုက္ခရောက်ကြတဲ့ သတ္တဝါတွေ ပေးကမ်းခြင်း၊ လှူဒါန်းခြင်း၊ စောင့်ရှောက်ခြင်း၊ ကူညီခြင်း ဆိုတာ ကောင်းမှုတွေကို ပြုစုပျိုးထောင်ခြင်း ပဲ ဖြစ်ပါတယ်။ ဒီကနေ့ လှူဒါန်းတဲ့ အလှူဒါနဟာ ကြီးကြီးကျယ်ကျယ် အလှူမျိုး မဟုတ်ပါ။ ဂရုဏာ ဒါန ဖြစ်ပါတယ်။ ဂရုဏာဆိုတဲ့ စာလုံးဟာ ဒုက္ခရောက်သူတို့ မြင်ရကြားရ မြင်သည်ကြားသည်တို့ရဲ့ ရင်ထဲမှာ ကိုယ်တိုင်လည်း ဒုက္ခရောက်နေသလို ခံစားရတဲ့ စိတ်ဓါတ် ဂရုဏာဆိုတာ မှတ်သွားစေချင်ပါ တယ်။ ဒုက္ခရောက်ကြ သူလူအပေါင်း၊ သက်ရှိသတ္တဝါ အကုန်လုံး၊ မည်သည့် ဘာသာကိုးကွယ်တဲ့ မည်သည့် လူမျိုးမဆို မည်သည့် အသားအရောင်ရှိတဲ့ လူမျိုးမဆို ဒုက္ခရောက်တယ်ဆိုရင် ကိုယ်တိုင်ခံစားရသလို စိတ်ထဲမှာ ဖြစ်ရမယ်”ဟု မြွက်ကြားသွားခဲ့သည်။

ဆက်လက်ပြီး ဆရာတော်က ဧရာဝတီ နာဂစ်တုန်းကလည်း ကြွေးကြော်သံတခု ရှိကြောင်း၊ တလောကထဲမှာ ဖြစ်နေသည့် ဂရုဏာစိတ်ကို ကာယကံမြောက်အောင် ဆောင်ရွက်စေလိုကြောင်း၊ မည်သူ ဒုက္ခရောက်ရောက် စောင့်ရှောက်ကူညီမည်ဆိုသည့် ဂရုဏာစိတ်ဓါတ်၊ ကာယကံမြောက် သရုပ်ဖော်သည့်အနေဖြင့် ဟားခါးကို ရောက်ရှိလာခြင်းဖြစ်ကြောင်း မြွတ်ကြားသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၀ ကျော် နေထိုင်ကြပြီး ချင်း၊ ကချင်၊ ကယား စသည့် ၎င်းတို့၏ နာမည်၊ လူမျိုးစု ကွဲပြားရှိကြသော်လည်း နိုင်ငံတော် အလံတော်အောက်တွင် နေကြသည့်  ပြည်သူအားလုံးသည် Common platform ရှာကြရန်နှင့် အားလုံးလက်တွဲလမ်းလျှောက်နိုင်ရန်လည်း ဆရာတော်က တိုက်တွန်းသွားခဲ့သည်။

ထို့အပြင် သီတဂူ သာသနာပြုအဖွဲ့သည် လာမည့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ အထူးခွဲစိတ်သည့် အစီအစဉ်အဖြစ် မျက်စိတ်ခွဲစိတ်ခြင်း၊ ကလေးတွေ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ခြင်း စသည့် ကုသိုလ်ပြု လုပ်ငန်းအတွက် ဘယ်လဂျီယန်နိုင်ငံက ခွဲစိတ်ပညာရှင်များ ၁၅ ဦးကို ဖိတ်ကြားထားကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...