ထာဝရ ကရင်နှစ်သစ်ကူးကွင်း ရန်ပုံငွေနှင့် တည်ဆောက်မှု အခြေအနေ ဆွေးနွေး

ထာဝရ ကရင်နှစ်သစ်ကူးကွင်း ရန်ပုံငွေနှင့် တည်ဆောက်မှု အခြေအနေ ဆွေးနွေး
by -
ကေအိုင်စီ
မြဝတီမြို့၊ အမှတ် ၅ရပ်ကွက်ရှိ မြေဧက ၂၃.၅ ပေါ်တွင် တည်ဆောက်နေသော ထာဝရ ကရင်နှစ်သစ်ကူးကွင်းအတွက် ရန်ပုံငွေအဖြစ် မြဝတီမြို့ခံ ကရင်လူမျိုးများက အလှူငွေကျပ်သိန်း ၄၂၀ကို တည်ဆောက်ရေးကော်မတီအဖွဲ့သို့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပေးအပ်ခဲ့ကြပြီး တည်ဆောက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

မြဝတီရှိ တောင်ကလေးအေးရိပ်သာကျောင်းတွင် ပြုလုပ်သည့် ၎င်းနှစ်သစ်ကူးကွင်းဆိုင်ရာ ဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်ထဲရေးနှင့်သာသနာရေးဌာန တာဝန်ခံ ပဒိုစောအားတိုးက ကရင်တမျိုးသားလုံးအတွက် ထာဝရကရင်နှစ်သစ်ကူးကွင်း ရရှိရေးသည် ကရင်အမျိုးသားများအတွက် မရှိမဖြစ် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

၎င်းက “မြဝတီမှာ ကရင်နှစ်သစ်ကူးကွင်း မရှိဘူး။ ပွဲကျင်းပမယ်ဆိုရင် နေရာမရှိတော့ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ရတယ်။ အခုလို သီးသန့်နှစ်သစ်ကူးကွင်းရှိလာရင် နှစ်သစ်ကူးမှ မဟုတ်ဘူး။ ကရင်အမျိုးသားတွေနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေကို ဆောင်ရွက်နိုင် ဖို့အတွက် တိကျရေရာတဲ့ကွင်းတခုကို မဖြစ်မနေ ဖော်ဆောင်ရတာဖြစ်တယ်”ဟု ကေအိုင်စီကို ပြောဆိုသည်။

ထိုကရင်နှစ်သစ်ကူးကွင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပါဝင်သော ကရင်လက်နက်ကိုင် အဖွဲ့များ စည်းလုံးညီညွတ်ရေးကော်မတီမှ ကမကထပြုကာ ယခုနှစ် မေလက စတင်တည်ဆောက်လာခဲ့ခြင်းဖြစ်သည်။ နှစ်သစ်ကူးကွင်း တည်ဆောက်မှုကို ကရင်ပြည်နယ်အစိုးရ အပါအဝင် အဖွဲ့အစည်းအချို ့က အနုနည်းဖြင့် ကန့်ကွက် ပြောဆိုမှု ရှိခဲ့သော်လည်း ယခုအချိန်တွင် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဟု ကရင်လက်နက်ကိုင်တပ်မှူးတစ်ဦးက ယနေ့ဆွေးနွေးပွဲတွင် ရှင်းလင်းခဲ့သည်။

ကွင်းတည်ဆောက်ရေးတာဝန်ခံ စောကြာသန့်က “ကွင်းတည်ဆောက်တာ အခုဆိုရင် ကျပ်သိန်း ၁,၄၀၈ ရှိပြီး။ ဒီနှစ်ထဲမှာ ကွင်းကို အပြီးဖောက်မှာ ဖြစ်တယ်။ စုစုပေါင်းကျပ်သိန်း ၂ထောင်လောက်တော့ ကုန်မယ်”ဟု ပြောဆိုသည်။

ကွင်းဆောက်လုပ်ရေးလုပ်ငန်းအပြီးတွင် နှစ်သစ်ကူးကွင်းအတွင်း နိုင်ငံတကာအဆင့်မီ ယဉ်ကျေးမှုပြတိုက်၊ အစည်းအဝေး ခန်းမ၊ အနုပညာတင်ဆက်မည့် စင်မြင့်တခု၊ မိုးလုံလေလုံဇာတ်ရုံနှင့် လက်ဝှေ့ရုံ၊ ဆေးခန်း၊ ဧည့်ခံကျွေးမွေးရေးခန်းမ၊ စားဖို ဆောင်၊ ကားနှင့် ဆိုင်ကယ်ပါကင်နေရာများ၊ စျေးတန်းကြီးများ၊ နားနေဆောင်များနှင့် အဝင်ဝမုခ်ဦးများ ပါရှိမည်ဖြစ်သည်ဟု စောကြာသန့် က ဖြည့်စွက်ပြောဆိုသည်။

၎င်းတည်ဆောက်ရေးလုပ်ငန်းအတွက် ကုန်ကျငွေများကို ကရင်လူမျိုးများက ထည့်ဝင်လှူဒါန်းကြခြင်းဖြစ်ပြီး တည်ဆောက်ရေးမှုများ ပြီးစီးသွားပါက မြန်မာနိုင်ငံတွင် တခုတည်းသော အဆင့်မြင့် ထာဝရ ကရင်နှစ်သစ်ကူးကွင်း ဖြစ်လာမည်ဟု ဦးဆောင်ဦး ရွက်ပြုနေသည့် အဖွဲ့အစည်းများက သုံးသပ်ပြောဆိုသည်။ ကရင်ပြည်နယ်တွင် ခရိုင်လေးခုနှင့် မြို့နယ် ရခုရှိသော်လည်း ကရင်အမျိုးသားများနှင့် သီးသန့်သက်ဆိုင်သည့် ခေတ်မီကရင်နှစ်သစ်ကူးကွင်းဟူ၍ မရှိခဲ့သေးပေ။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...