စစ်တွေ နှင့် အမ်းတွင်ဒေသခံပါတီ ဆိုင်းဘုဒ်များ ဖြုတ်ချခံရ

စစ်တွေ နှင့် အမ်းတွင်ဒေသခံပါတီ ဆိုင်းဘုဒ်များ ဖြုတ်ချခံရ
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်တွင် ရခိုင်မျိုးချစ်ပါတီ ဆိုင်းဘုတ်ကို စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက အဖျက်ဆီးခံရသည်ဟု ရခိုင်မျိုးချစ်ပါတီ စစ်တွေရုံးတာဝန်ခံ ဦးခင်မောင်ထွန်း၏ ပြောပြချက်အရသိရသည်။

“ကျွန်တော် စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်း ၈ နာရီခွဲလောက်မှာ ဖြတ်သွားတော့ အဲ့ဒီဆိုင်းဘုတ်က အကောင်းသား ရှိနေခဲ့တာကို သတိပြုမိခဲ့ပါတယ်။ မွန်းတည့် ၁၂ ရီလောက်မှာတော့ ပျက်စီးနေတာကို တွေ့ခဲ့ရပါတယ်”ဟု ဦးခင်မောင်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖျက်ဆီးခံရသော ဆိုင်းဘုတ်သည် စစ်တွေမြို့ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် မြို့လယ် နာရီစင်အသစ် အကြားတွင်တည်ရှိပြီး၊ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် စာရေးသားတိုင်ကြားထားကာ မိတ္တူကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် စည်ပင်သာယာရေးသို့ ပေးပို့ထားသည်ဟု သိရသည်။

ရခိုင်မျိုးချစ်ပါတီသည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို စစ်တွေမြို့နယ်ရှိ ကျေးရွာများတွင် စက်တင်ဘာလ ၁၄ ရက်တွင် စတင်ခဲ့ပြီး၊ နောက်ထပ် ၃ - ၄ ရက်ခန့်ဆိုလျှင် ကျေးရွာများ၌ ပြီးဆုံးမည်ဖြစ်သည်ဟု သိရသည်။

ကျေးရွာများတွင် မဲဆွယ်စည်းရုံးရေးပြီးစီးပါက စစ်တွေမြို့ပေါ်တွင် ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

ထိုပြင် ရခိုင်ပြည်နယ်အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု အနောက်ရွာတွင် ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်၊  ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်တို့ကိုဖြုတ်ချခိုင်းသည်ဟု ရခိုင်အမျိုးသားပါတီ အမ်းမြို့နယ်ရုံးတာဝန်ခံ ဦးဇော်မင်းထံမှ သိရသည်။

ရခိုင်အမျိုးသားပါတီ၏ ဆိုင်းဘုတ်သည် စက်တင်ဘာလ ၂၂ ရက်မှာ ဖျက်ဆီးခံရပြီး၊ ချင်းဒီမိုကရေစီဆိုင်းဘုတ်သည် စက်တင်ဘာလ ၂၃ ရက်တွင် ဖြုတ်ချခိုင်းခြင်းဖြစ်သည်ဟု သိရသည်။

ဖြစ်ပွားပုံမှ ပါတီကြီးတစ်ခုမှ ဒလက်ချောင်းအုပ်စုသို့ စက်တင်ဘာ ၂၁ ရက်တွင် မဲဆွယ် စည်းရုံးရေးလုပ်ရာ၌ သူတို့ပါတီကိုသာ မဲပေးရန်၊ ရခိုင်အမျိုးသားပါတီကို မဲမပေးရန် ပြောဆိုသောကြောင့် မဲဆွယ်သူများနှင့် ရွာသားအချို့ အချေအတင်စကားများခဲ့ကြပြီး စက်တင်ဘာလ ၂၂ ရက်တွင် ရခိုင်အမျိုးသားပါတီဆိုင်းဘုတ် အဖျက်ဆီးခံရပြီး၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်ကို ကျေးရွာတွင်းရှိ သြဇာရှိသူတစ်ချို့က ဆိုင်းဘုတ်ကို ဖြုတ်ချပေးဖို့ ဖိအားပေးပြောဆိုခဲ့သည်ဟု သိရသည်။

“စက်တင်ဘာလ ၂၃ ရက်မှာ ဒလက်ချောင်းအုပ်စု အနောက်ရွာ ရဲစခန်း၌ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး အမှုဖွင့်ထားပါတယ်။ မြို့နယ်ကော်မရှင်ကိုတော့ အကြောင်းကြားထားတာတွေ မရှိသေးဘူး။အဲဒီဒေသကလမ်းပန်ဆက်သွယ်ရေးလည်း အင်မတန်ခက်ခဲ့တယ်၊ ဩဇာအာဏာတွေ သုံးလို့ရနိုင်တဲ့နေရာဖြစ်တယ်”ဟု ဦးဇော်မင်းကပြောသည်

အလားတူဖြစ်ရပ်ကို  ကျန်ခဲ့သည့် ၂၀၁၅ ခု ဖေဖေါ်ရီလကလည်း အမ်း-တောင်ကုတ် ကားလမ်းရှိ ပဒဲကြောကျေးရွာတွင်လည်း ရခိုင်အမျိုးသားပါတီဆိုင်းဘုတ်နှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်တို့ အဖျက်အဆီး ခံခဲ့ရဖူးသည်ဟု သိရသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...