ချင်းဒုက္ခသည်အရေးအတွက် Dr. Sasa ဟားခါး လူထု အလွှာပေါင်းစုံနှင့် တွေ့ဆုံ

ချင်းဒုက္ခသည်အရေးအတွက် Dr. Sasa ဟားခါး လူထု အလွှာပေါင်းစုံနှင့် တွေ့ဆုံ
by -
ခိုနူမ်းထုန်
ချင်းသဘာဝဘေးဒုက္ခအရေး ဆောင်ရွက်နေသူ ချင်းလူငယ် Dr. Sasa သည် ယခုလ စက်တင်ဘာ ၁၀ ရက်နေ့၊ ည ၁၁ နာရီခန့်က ချင်းပြည်နယ် မြို့တော် ဟားခါးသို့ CNF ၏ ကူညီမှုဖြင့် ရောက်ရှိလာပြီး ချင်းပြည်နယ်အစိုးရ၊ ဘာသာရေး ဂိုဏ်းပေါင်းစုံ၊ ဟားခါး ကယ်ဆယ်ရေးကော်မီတီ တာဝန်ရှိများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

Dr. Sasa သည် စက်တင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီတိတိတွင် ပြိုကွဲသွားသော ဟားခါး မြို့ဟောင်း ဘုရားကျောင်းပျက်တွင် တကိုယ်တည်း ဆုတောင်းခြင်းပြုလုပ်ပြီး စက်တင်ဘာ ၁၃ ရက်နေ့အထိ Hakha Rescue Committee (HRC)၏ တာဝန်ယူမှုဖြင့် ဟားခါးမြို့ သဘာဝ ဘေးဒုက္ခသည်စခန်း (၇)ခုတွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါးနှင့် ဆေးဝါး ကရိယာများ လှူဒါန်းခဲ့သည့်အပြင် အားပေးစကားများ ပြောကြားခဲ့ကြောင်း၊ ထို့အပြင် ဟားခါးမြို့ ဘာသာရေး ဘုရားကျောင်း (၅) ခုတွင် လူထုကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

sasa

“ဖြစ်သမျှ အလုံးစုံ ဘုရားသိတယ်။ ကျတော်တို့ရဲ့ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အားလုံးကို ဘုရားရှင်ထံ အပ်နှံရမယ်။ ဘုရားသခင်ဟာ အရာရာကို တတ်နိုင်တယ်။ ဒီ ချင်းပြည်နယ်၊ ချင်းပြည်သူ ဒုက္ခသည်အရေး ဆောင်ရွက်နေသူ အားလုံးအပေါ် ကျေးဇူးတင်တယ်။ ကျတော်တို့ အားလုံး ပူးပေါင်းပြီး အလုပ်လုပ်ကြဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

ဒုက္ခသည် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအတွက် Multi Vitamin ဆေးလုံး ၅၀၀၀၀ ခန့်၊ Anti Biotic ဆေးဝါးမျိုးစုံ အလုံး ၅၀၀၀၊ မီးဖွားမိခင်များ အသုံးပြုမည့် Save the Liver Kid ဆေးကရိယာ ၄၅၀၊ First Aid Box ၅၃၊ ဆေးထိုးအပ်၊ လက်အိတ် ၄ သေတ္တာကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လက်လှမ်းမှီရာ ထန်တလန်မြို့နယ်အတွင်း ကျေးလက်ဒေသ တချို့သို့လည်း ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်နိုင်ရန် ဆေးဝါးများ လှူဒါန်းမှုနှင့်အတူ အချက်အလက် ကောက်ခံမှုများကို ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

မကြာခင် Dr. Sasa သည် နိုင်ငံတကာ အစိုးရ၊ အဖွဲ့အစည်းများထံ သွားရောက်ပြီး ချင်းဒုက္ခသည် ပြဿနာ ဖြေရှင်းရေးအတွက် အရေးဆိုသွားမည်ဟုလည်း သိရသည်။

Dr. Sasa သည် အမေးနီးယားနိုင်ငံ (နည်းပညာ) နှင့် အင်္ဂလန်နိုင်ငံ (လက်တွေ့)များတွင် ဆေးတက္ကသိုလ်တက်ပြီး ၂၀၀၉ ခုနှစ်တွင် အမေးနီးယားနိုင်ငံမှ ပေးအပ်သော ဆရာဝန်ဘွဲ့ကို ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။

ဆရာဝန်ဘွဲ့ ရရှိပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်ရှိ နယ်စပ်ဒေသနေ ချင်းပြည်သူ လူထုအတွက် ပရဟိတလုပ်ငန်းကို လုပ်လာခဲ့ရာမှာ ယနေ့တွင် တရုတ်နိုင်ငံ၊ ဖိလိပိုင်နိုင်ငံ၊ ယူကရိန်းနိုင်ငံ၊ အမေးနီးယားနိုင်ငံ နှင့် အိန္ဒိယများသို့ ဆေးတက္ကသိုလ် ကျောင်းသား ၁၁ ဦးကို စေလွှတ်မွေးထုတ်ပေးလျှက်ရှိသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ Shillong တက္ကသိုလ်တွင် ချင်းလူငယ် ၅၂ ဦး ကို ကျောင်းထားမွေးထုတ်ပေး နေဆဲဖြစ်ပြီး ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်ကျေးလက်ဒေသများအတွက် ကျန်းမာရေးလုပ်သား ၈၀၀၊ ရိုးရာ အရပ်လက်သည် ၉၃ ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...