၂၀၁၅ ရွေးကောက်ပွဲအပြီး ကောင်းမွန်သော အစိုးရ ပေါ်ပေါက်လာရန် လူငယ်များ မျှော်လင့်

၂၀၁၅ ရွေးကောက်ပွဲအပြီး ကောင်းမွန်သော အစိုးရ ပေါ်ပေါက်လာရန် လူငယ်များ မျှော်လင့်
by -
ကန္တာရဝတီတိုင်း(မ်)
၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပြီးတွင် ပွင့်လင်းမြင်သာမှုရှိပြီး ကောင်းမွန်သော နိုင်ငံရေးပြုပြင် ပြောင်းလဲရေး နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို အမှန်တကယ် ပြောင်းလဲပေးနိုင်သော အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာရန်နှင့် ပြည်သူ လူထုအကျိုးစီးပွားကို ရှေးရှုသောရွေးကောက်ပွဲ တစ်ခုဖြစ်လာဖို့ မျှော်လင့်ကြောင်း လူငယ်များက ပြောဆိုလိုက်သည်။

“လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ် ပြီးတော့ ဘယ်လိုအစိုးရကို မျှော်လင့် သလဲဆိ်ု ပြည်သူအတွက် အနစ်နာခံနိုင်ရမယ်။ ပြီတော့ ပွင့်ပွင့်လင်းလင်းပေါ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရ၊ ဘာမဆို ပြည်သူအရေးကို ကြည့်တဲ့ အစိုးရမျိုးကို လိုချင်တယ်ခင်ဗျ။ တိုင်းရင်းသားတွေ ပါဝင်ပြီး ပြည်နယ်အတွက် တကယ်အလုပ်လုပ်ပေးနိုင်တဲ့ အစိုးရသစ်တစ်ခု ဖြစ်ဖို့ မျှော်လင့်တယ်”ဟု ကန္တာရဝတီလူငယ်အဖွဲ့မှ ဂျွန်အိုင်စီဒိုက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

လက်ရှိအစိုးရလက်ထက်တွင် လူငယ်များအလုပ်ကိုင် ရှားပါမှု၊ နိုင်ငံရေးတွင် ပါဝင်မှုများကို ပိတ်ပင်တားဆီးနေမှုများ၊ လွတ်လပ်စွာ ပညာသင်ယူခွင့် စတဲ့ အခွင့်ရေးများဆုံးရှုံးနေကြောင်းလည်း ၎င်းက ပြောသည်။

လွိုင်ကော်မြို့မှ လူငယ်တစ်ဦးဖြစ်သည့် ကိုမိုးဇက်ကလည်း တိုင်းပြည်၏ အပြောင်းအလဲကြားတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခြေခံလိုအပ်ချက်ကအစ ပြုပြင်ပြောင်းလဲပေးနိုင်ဖို့လိုအပ်ပြီး ရွေးကောက်ပွဲအပြီး တတ်လာမည့်အစိုးရသည် အာဏာရှင်အစိုးရ မဟုတ်ဘဲ ပြည်သူလူထုအရေး စွမ်းစွမ်းတမံ ဆောင်ရွက်ပေးပြီး ကတိကဝတ်များကို လေးစားလိုက်နာ သော တာဝန်ယူမှုတာဝန်ခံမှု ရှိသည့်အစိုးရတစ်ရပ်ကိုသာ အလိုရှိတယ်ဟု ပြောသည်။

ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရအပေါ် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း နှစ်ခုတွင် နေထိုင်လျက်ရှိနေသည့် ကရင်နီပြည်သူပြည်သားများရဲ့ မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှ လူငယ်တစ်ဦးဖြစ်တဲ့ ဂျွန်ဘောစကိုက “အခုအစိုးရ လက်ထက်မှာ အပစ်ခက် ရပ်စဲရေးတွေ လုပ်နိုင်ပေမယ့် ကျနော်တို့ ဒုက္ခသည်တွေ ပြန်အခြေချ နေထိုင် ဖို့၊ မွေးရပ်ဇာတိကို ပြန်လာဖို့၊ ပညာသင်ကြားရေးတွေမှာ တန်းတူပေးဖို့ ဒါတွေကို ခုထိ မလုပ်ဆောင်ပေးနိုင်ခဲ့ဘူး။ နောက်အစိုးသစ်က ဒါကိုလုပ်ဆောင်ပေးဖို့ မျှော်လင့်တယ်”ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

တိုင်းပြည်၏ အပြောင်းအလဲတစ်ခုသည် ရွေးကောက်ပွဲတစ်ခုဖြတ်သန်းရုံဖြင့် ပြောင်းလဲလာနိုင်မည်ဟု မယုံကြည်ဘဲ လက်ရှိအစိုးရလက်ထက်တွင် ပြည်သူလူထုသည် အဖိနှိပ်ခံလူတန်းစား တစ်ရပ်ဖြစ်နေပြီး အခုလို ဖြစ်ပေါ်နေသည့် ပြဿနာအရပ်ရပ် များကို ဖြေရှင်းပေးနိုင်ပြီး တိုင်းရင်းသားပြည်သူအကျိုးစီးပွားအတွက် အစစ်အမှန် အလုပ်လုပ်ပေးသော အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့ကို မျှော်လင့်တယ်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုအောင်နေပိုင်က ပြောသည်။

“ကျနော်တို့အနေနဲ့ကတော့ ဘယ်အစိုးရပဲ တက်တက်ပေါ့ အဲ့ဒီအစိုးရက ပညာရေးစနစ်တွေ လူထုအတွက် ပြုပြင်ပြောင်းလဲ ပေးနိုင်ဖို့ လိုပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိလူငယ်အများစု ကြံုတွေ့နေရသည်မှာ ပညာရေးနှင့်ပတ်သက်၍ အခွင့်အရေးနှင့် လွတ်လပ်မှု များ ဆုံးရှုံးနေခြင်းဖြစ်သလို သာမန်ပြည်သူ တစ်ဦးအနေဖြင့် ငွေကြေးဥစ္စာ မပြည့်စုံမှုနှင့်အစိုးရမှ အထောက်အပံ့ပေးမှု မရှိတာတွေကြောင့် လူငယ်များ အနာဂတ်ပျောက်နေရပြီး အစိုးရအပြောင်းအလဲ နဲ့အတူ လူငယ်တွေကိုု အလေးပေးမည့် အစိုးရကိုသာ အလိုရှိတယ်ဟု ကယားပြည်နယ် ကျောင်းသား သမဂ္ဂအဖွဲ့မှ ကိုစောရန်နိုင်က ပြောသည်။

၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်တွင် ဒေသခံတိုင်းရင်းသား ပါတီ သုံးပါတီဖြစ်တဲ့ ကယားလူမျိုးစု ဒီမိုကရေစီပါတီ၊ ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) နှင့် ပါတီကြီးများဖြစ်သော ပြည်ခိုင်ဖြိုး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စသည့်ပါတီများ အပါအဝင် စုစုပေါင်း (၁၁)ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...