အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၀) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဖြိုးဝေအောင် သည် သတ်မှတ်ထားသည့် အသက်မပြည့်သေးသည့်အတွက် ပယ်ဖျက်ခဲ့သည်ဟု သိရသည်။
ကျန်တစ်ဦးမှာ ကယန်းအမျိုးသားပါတီမှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးလွှီးဇီငြိမ်း(ခ)ခွန်းဘီထူးသည် မြန်မာနိုင်ငံတွင်းတွင် ၁၀ နှစ် နေထိုင်ခြင်းမရှိသည့် အတွက် ကိုယ်စားလှယ်လောင်းမှ ပယ်ချခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကိစ္စအပေါ် ကယန်းအမျိုးသားပါတီမှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ခွန်းဘီထူးက “ကျနော်တို့ ကယန်းအမျိုးသားပါတီကနေ ဝင်ရွေးတာပေ့ါနော်။ ဝင်ရွေး တော့ သြဂုတ် (၁၄)ရက်နေ့မှာ သွားတင်တယ်။ သွားတင်ပြီးတော့ (၂၅)ရက်နေ့မှာ ခရိုင်ရုံးကနေ လူချင်းတွေ့ပြီးမှ စစ်တော့ ခရိုင်ရုံးကနေ ကြားနာစစ်ဆေးတဲ့အချိန်မှာ ကျနော့်ကို ပယ်လိုက်တာပေ့ါ။ သူတို့ပြောတာက ကျနော်က မြန်မာပြည်ထဲမှာ ရွေးကောက်ပွဲ မတိုင်ခင်မှာ (၁၀)နှစ် တစ်စွန်းတစ်စ ထဲမနေဘူးပေ့ါ။”ဟု ပြောသည်။
ဦးလွှီးဇီငြိမ်း(ခ)ခွန်းဘီထူးသည် ၂၀၀၈ ဖွဲ့စည်းပုံအရေး ဆန္ဒမဲကန့်ကွက်မှုပြုလုပ်ခဲ့သောကြောင့် ၂၀၀၈ ခုနှစ်တွင် အကျဉ်းကျခံခဲ့ရဖူးပြီး ၎င်းအချိန်တွင် ထွက်ဆိုခဲ့သည့် မှတ်တမ်းအရ မိမိသည် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်ခဲ့သည်ဟု ပါရှိခဲ့သည့်အချက်အရ ပြန်လည်စွပ်စွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ထို့ကြောင့် ၂၀၀၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ခွန်းဘီထူးက ပြည်တွင်းတွင် ၁၀ နှစ်အပြည့်နေထိုင်သည့်သူ မဟုတ်သည့်အပြင် တရားမဝင် နယ်စပ်ဖြတ်ကျောသည့်အတွက် ပယ်ချခံရခြင်းဖြစ်သည်။
သို့သော် ထိုအချိန်က ထွက်ဆိုချက်နှင့်ပတ်သက်၍ ခွန်းဘီထူးက “ဒါမဲ့ ထောင်က ထွက်ဆိုထားတဲ့ဟာ က မမှန်ဘူး။ ဘာလို့လဲဆိုတော့ ထိုင်းနိုင်ငံကို တရားဝင် ပတ်စ်ပို့နဲ့ သွားတာ။ ၂၀၀၇ မှာ ပတ်စ်ပို့လျှောက်ပြီးမှ ကျနော် တရားဝင်သွားတယ်။”ဟု ပြောသည်။
ခွန်းဘီထူးသည် ၂၀၀၈ ခုနှစ်တွင် ပြစ်မှု (၆)ခုဖြင့် (၃၇)နှစ် ချမှတ်ခံခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူဖြစ်သည်။
ထိုကဲ့သို့ ပါတီတွင် လူငယ်တစ်ဦးအား ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကို်ယ်စားလှယ်လောင်းတစ်ဦးအား ကောက်ပွဲကော် မရှင်က ထိုကဲ့သို့ စီစစ်ခြင်းသည် လွန်ကဲနေကြောင်း ကယန်းအမျိုးသား ပါတီ ဗဟိုကော်မတီဝင် ဦးနန်းရီ ကပြောသည်။
ဦးနန်းရီက “အားလုံးပြန်သုံးသပ်ကြည့်ရင် လူတယောက်ကို အရေးယူချင်တော့ အကြောင်းပြချက် တည့်တည့်ပဲ ဖြစ်တဲ့သဘောပါ။” ဟု ပြောသည်။
လက်ရှိတွင် အယူခံဝင်ရန် မဖြစ်နိုင်သော်လည်း ပြည်ထောင်စုကော်မရှင်ကိုတိုင်စာပေးပို့ခြင်း၊ အမှုဟောင်းများ ထွက်ဆိုခြင်းကို ကော်မရှင်ရုံးကို တိုင်ကြားခြင်း၊ ဖွဲ့စည်းပုံအခွန်ရုံးကို မေးမြန်းခြင်းနှင့် ကယားပြည်နယ်မှ ဥပဒေအရာရှိများကသာ ဥပဒေကို လက်တစ်လုံးခြား လုပ်ထားခြင်းလား စသဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခွန်းဘီထူးက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်အသီးသီးသို့ အမည်စာရင်းတင်သွင်းသူ စုစုပေါင်း ၂၂၇ ဦးရှိပြီး သြဂုတ်လ ၃၁ ရက်နေ့ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ထုတ်ပြန်ချက်အရ ပယ်ဖျက်ခံရသူ ၂ ဦး ရှိသည့်တွက် စုစုပေါင်း ၂၂၅ ဦးသာ ကျန်ရှိသည်။







