“မြို့နယ်တိုင်းမှာ ဆရာဝန်တွေလုံလောက်အောင်ထားထားပေးဖို့တော့ လိုအပ်တာပေါ့။ ရွာဝေးတဲ့ သူတွေအတွက်က တစ်ခုခုဖြစ်ရင် လွိုင်ကော်ထိပြေးလာရတယ်။ လွိုင်ကော်မှာ ပစ္စည်းမစုံလို့ တောင်ကြီးအထိ ပြန်သွားရတယ် ဆိုတာတွေက လူတွေအတွက် အများကြီးကို အသက်ဆုံးရှုံး စေတယ်ပေါ့” ဟု ဒေသဖွံ့ဖြိုးရေးကွန်ယက်(LDN)၏ ဆယ်ကျော်သက်ပူပေါင်းဖလှယ်စီမံကိန်း အရာရှိ ဦးမိုးဇတ်က ပြောသည်။
ကယားပြည်နယ်တွင် ဆေးရုံဆေးခန်းများ တည်ဆောက်မှု တိုးတက်လာသော်လည်း ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးပစ္စည်း ကိရိယာများ လိုအပ်လျက်ရှိနေသည်။
ဆက်လက်၍ ဦးမိုးဇတ်က “ရွာတွေမှာ ကျေးလက်ဆေးခန်းတွေတော့ ရှိတယ်။ ဆရာမတွေက မရှိဘူး။ တချို့နေရာတွေမှာ ကျတော့ ဆရာမတွေ ရှိတယ်။ အဲ့အဆောက်ဦးမှာ မနေဘူးပေါ့။ ဆောက်ထားတဲ့ အဆောက်ဦးမှာ သွားမနေဘဲနဲ့ အခြားနေရာမှာ သွားနေကြတယ်”ဟု ပြောသည်။
အချို့ကျေးလက်ဆေးပေးခန်းများတွင်လည်း သားဖွားဆရာမများသာရှိပြီး ၎င်းတို့သည် တစ်လလျှင် တစ်ကြိမ် နှစ်ကြိမ်မျှသာ ဆေးခန်းတွင် ရှိနေကြသည်ဟု ကရင်နီကျန်းမာရေးဌာနမှ နယ်လှည့် ဆေးကုသမှု လုပ်ငန်းခွင်ကြီးကြပ်ရေးတာဝန်ခံ ဆရာသိုးရယ်က ပြောသည်။
“သားဖွားဆရာမတွေ ရှိတယ်။ ဒါပေမယ့် အချိန်အပြည့်အဝ မနေဘူးပေါ့။ တစ်လနှစ်လကို တစ်ကြိမ် နှစ်ကြိမ်ပဲ လာတယ်။ အဲ့ဒါတွေက မြို့နဲ့ ဝေးတဲ့ နေရာတွေပေါ့နော်” ဟု ပြောသည်။
ထိုနည်းတူ ဘောလခဲမြို့နယ် စောလုံကျေးရွာတွင် ဆေးခန်းသာရှိလည်း ကျန်းမာရေး ဝန်ထမ်းများမရှိသေးကြောင်း ကျေးရွာ ဥက္ကဌ ဦးဘိုးရယ်က ပြောသည်။
ပြီးခဲ့သည့် မတ်လပိုင်းတွင်လည်း ဘောလခဲတွင် ဝန်ကြီး ဦးစိုးသိန်းက လူထုများနှင့် တွေ့ဆုံရာတွင် ဒေသခံများမှ ယင်းအခက်ခဲကို တင်ပြခဲ့သော်လည်း ယခုချိန်ထိပင် ကျန်းမာရေး ဆရာမများ မရောက်ရှိသေးကြောင်း စောလုံဒေသခံများထံမှ သိရသည်။
လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ ဥက္ကဌ ဦးဖိုးရယ်က လက်ရှိတွင် ကျေးလက်ဆေးပေးခန်းများ ရှိနေပြီး ဆရာမများ မရှိရခြင်းမှာ လမ်းပန်းဆက်သွယ်ရေး သွားလာမှု ခက်ခဲမှုရှိခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။







