ပြည်သူများ ကရင်နီတပ်မတော်နေ့ကို အမှတ်ရနေစေရန် ဘောလုံးပွဲကျင်းပ

ပြည်သူများ ကရင်နီတပ်မတော်နေ့ကို အမှတ်ရနေစေရန် ဘောလုံးပွဲကျင်းပ
by -
မဇ္ဈိမ
ကယား(ကရင်နီ)ပြည်နယ်တွင်းရှိ ပြည်သူများ ကရင်နီတပ်မတော်နေ့ကို အမှတ်ရစေရန် ရည်ရွယ်ပြီး ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၇ရက်နေ့တွင် ကျရောက်သော ၅၇ ကြိမ်မြောက် ကရင်နီတပ်မတော်နေ့ အထိမ်းအမှတ်အနေဖြင့် ရပ်/ကျေးချစ်ကြည်ရေး ဘောလုံး အားကစားပြိုင်ပွဲကို ဒီးမော့ဆိုမြို့မ အားကစားကွင်းတွင် ဇူလိုင်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၁၇ ရက်နေ့အထိ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) က ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သည်။

“ဒီချစ်ကြည်ရေး အားကစားပွဲကို ဘာလို့ကျင်းပရတာလဲဆိုရင်တော့ ဒီကရင်နီတပ်မတော်နေ့ကို ပြည်သူလူထုတွေပိုပြီး သိရှိသွားအောင် နောက်နှစ်နောက်နှစ်တွေမှာ ဒီလိုနေ့ ကျရောက်လာပြီ ဆိုတာနဲ့ တပ်မတော်နေ့မှန်း သိအောင်၊ ပြီးတော့ တဆက်တည်းပဲ ဒီတပ်မတော်(ကရင်နီ)တွေ ဒီအစိုးရ(ကရင်နီ)တွေ ရှိနေသေးတယ် ဆိုတာကို ပြည်သူလူထုတွေသိသွားအောင်ပေါ့။ ကျွန်တော်တို့ ကရင်နီပြည်နယ်မှာရှိတဲ့ လူထုတရပ်လုံး စုစုစည်းစည်းနဲ့ ဖြစ်လာအောင် ရှိလာအောင် တယောက်နဲ့ တယောက်ရင်းနှီးမှုရှိလာအောင် အဲ့လိုရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ” ဟု KNPP ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည့် ခူးဒယ်နီရယ်က ပြောသည်။

ကရင်နီတပ်မတော်နေ့ကို မြန်မာအစိုးရနှင့် KNPP တို့ အပစ်အခတ်ရပ်စဲရေးယူပြီးနောက်ပိုင်း နှစ်များ တွင် ပြည်တွင်း၌ အခမ်းအနားများ ကျင်းပလာခဲ့သော်လည်း ယခုနှစ်ကဲ့သို့ မြို့ပေါ်၌ စည်စည်ကားကားနှင့် ကျင်းပခဲ့ခြင်း မရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့တွင် ကျင်းပသောတပ်မတော်နေ့အထိမ်းအမှတ် ဘောလုံးပွဲသို့ တက်ရောက်အားပေးခဲ့သူ ကိုဒီးဒီကလည်း ကရင်နီတပ်မတော်သားများ ယခုကဲ့သို့ မြို့ထဲ၌ စည်စည်ကားကားနဲ့ လွတ်လွတ် လပ်လပ်နဲ့ ကျင်းပတာတွေ့ရတဲ့အတွက် အရမ်းဝမ်းသာကြောင်း ပြောသည်။

“နောက်ပိုင်းမှာလည်း လွတ်လွတ်လပ်လပ်နဲ့ ဆက်လက်ပြီး ကျင်းပနိုင်ရင်တော့ ကျွန်တော်တို့အတွက် အရမ်းကောင်းတယ်ပေါ့နော်” ဟု ပြောသည်။

ကရင်နီတပ်မတော်နေ့ ချစ်ကြည်ရေးဘောလုံးပွဲကို လာရောက်ကြည့်ရှုအားပေးတဲ့ ကေအန်ပီပီမှ ရဲဘော်မောင်ထားက “ကျွန်တော်တို့ ဒီလို လွတ်လွတ်လပ်လပ်နဲ့ ကြည့်ရတာပျော်ပါတယ်။ ကျွန်တော် မြို့ကိုတက်လာတာ ဒီတခေါက် ပထမဆုံးအကြိမ်ပါပဲ။ ကျွန်တော်တို့က လူငယ်တွေရဲ့ အားကစားကို လာအားပေးတဲ့ သဘောပါပဲ။ ဟိုဘက်နိုင်မှရမယ်။ ဒီဘက်နိုင်မှရမယ်ဆိုတဲ့ စိတ်မျိုးမရှိပါဘူး”ဟု ပြောသည်။

ဘောလုံးပွဲအပြင် ရိုးရာ ဆန်ပြုတ်ချက် ပြိုင်ပွဲကိုလည်း ဒီးမော့ဆိုမြို့မ အားကစားကွင်းထဲတွင် ဘောလုံးပွဲ ဗိုလ်လုပွဲကျင်းပသည့် ယခုလ ၁၇ ရက်နေ့တွင်ပင် ကျင်းပပြုလုပ်ခဲ့သည်။

ယခု ကျင်းပသောပွဲသည် အားကစားပွဲဟု ပြော၍ရနိုင်သလို ရင်းနှီးမှုတည်ဆောက်သောပွဲဟု ခေါ်လျှင် လည်း ရနိုင်ကြောင်း၊ နောင်နှစ်တွေမှာလည်း ကရင်နီတပ်မတော်နေ့ကို ဆက်လက်ကျင်းပမည်ဟု အတိအကျပြော၍ မရသော်လည်း တိုင်းပြည်အခြေအနေကောင်းလျှင် နှစ်စဉ်နှစ်တိုင်း ကျင်းပရန် အစီအစဉ်ရှိကြောင်း ခူးဒယ်နီရယ်က ပြောသည်။

ဖဆဖလ အစိုးရ၏ ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်ရန် ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့က မော်ချီး (ဖားဆောင်းမြို့နယ်)၊ လိုခါးလိုရွာ၌ ရဲဘော် ရ ဦး ဦးဆောင်သော ကရင်နီပြည်တပ်မတော်ကို တည်ထောင်ခဲ့သည့် နေ့ကို အစွဲပြုပြီး ဩဂုတ်လ ၁၇ ရက်ကို ကရင်နီတပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...