နစ်နာကြေးကို အတင်းအဓမ္မပြုကျင့်ခံရသူအတွက် နစ်နာကြေး သိန်း(၂၀)၊ ကျန် သိန်း(၂၀)ကို ရပ်ရွာဆေးကြောခြင်းနှင့် ရွာရန်ပုံငွေ အတွက်ဟုဆိုကာ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ ကျောက်ထုတ်လုပ်သည့် ပြည်ကြီးငွေတောင်ကုမ္ပဏီနှင့် လင်းလက်ရွှေတောင်ပံကုမ္ပဏီတို့သည် ကုန်းသာကျေးရွာဒေသခံတို့နှင့် သုံးကြိမ်တိုင်တိုင် နှစ်ဖက် ဆွေးနွေးခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
“သိန်း(၂၀)က ကောင်မလေးအတွက် နစ်နာကြေးပေ့ါ။ ကျန်(၂၀)က ရွာကို ပြန်လည်ဆေးကြောတဲ့ အနေနဲ့လည်း ပါတယ်။ နောက်ပြီး ရန်ပုံငွေအတွက်ပေ့ါ။ ဒီကုမ္ပဏီတွေကိုတော့ (၁၂)လပိုင်းအထိ ထုတ်ခွင့်ပေးထားတာပေ့ါ။ (၁၂)လပိုင်းကျော်ရင် ပြောင်းပေးဖို့ပေ့ါနော်။ ဒီကြားထဲမှာ အခုလို ပုံစံမျိုးမဖြစ်ရလေအောင် သူတို့ကလည်း ထိန်းထိန်းနဲ့လုပ်ဖို့ ရွာရဲ့လုံခြံုမှုရှိအောင် သူတို့လည်း တာဝန်ယူပေးဖို့ပေ့ါ။”ဟု ကုန်းသာကျေးရွာမှ တာဝန်ရှိ ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။
ထိုသို့ နစ်နာကြေး ပေးအပ်ရာတွင် အတင်းအဓမ္မပြုကျင့်သူ မျိုးနိုင်ဆိုသူသည် ပြည်ကြီးငွေတောင် ကုမ္ပဏီတွင် အလုပ်လုပ်သည့်အတွက် ၎င်းကုမ္ပဏီအနေဖြင့် (၃၆)သိန်း ပေးလျော်ပြီး လင်းလက်ရွှေတောင်ပံ ကုမ္ပဏီမှာမူ (၄)သိန်း ပေးလျော်ခဲ့ခြင်းဖြစ်သည်။
လတ်တလော ပြစ်မှုကျူးလွန်သူ မျိုးနိုင်ကို လွိုုင်ကော်မြို့မ ရဲစခန်း (ပ)၉၀/၂၀၁၅ ၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် သြဂုတ်လ ၄ ရက်နေ့တွင် အသက်(၁၃)နှစ် ကျောင်းသူဖြစ်သူ၏ အဒေါ်တော်စပ်သည့် ဒေါ်မောနိုကာမှ တရားလို ပြုလုပ်ပြီး ရဲအုပ် အောင်အောင်ဇော်ကအမှုစစ် အရေးယူထားကြောင်း သိရသည်။
ကုန်းသာကျေးရွာသည် ရပ်ကွက်(၄)ခုဖြင့် ကယန်း၊ ပအိုဝ့် စသည့် တိုင်းရင်းသားများနေထိုင်ကာ လူဦးရေ (၃၀၀၀) နီးပါးရှိကြောင်းနှင့် ယခင်က ထိုကဲ့သို့ အဖြစ်အပျက်မျိုး တကြိမ်တခါမျှ ဖြစ်ပေါ်ခြင်းမရှိဘဲ ယခု အဖြစ်အပျက်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
ပြည်ကြီးငွေတောင်ကုမ္ပဏီနှင့် လင်းလက်ရွေတောင်ပံကုမ္ပဏီတို့သည် ၂၀၁၂ ခုနှစ်က အစိုးရ ခွင့်ပြုချက်ဖြင့် ၎င်းဒေသသို့ စတင်ဝင်လာပြီး လုပ်ငန်းခွင်ထောင်ရန် မြေ(၁)ခွဲ ယာပိုင်ရှင်များနှင့်သာ ညှိနှိုင်းမှုပြုလုပ်ခြင်းမှလွဲ၍ ကျေးရွာတရွာလုံးကို အသိပေးခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။







