“ခုလို ချင်းပြည်သူတွေ ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့ အချိန်မှာ ကေအိုင်အိုက ငွေကျပ်ပေါင်း ထောင်ချီ ကူညီလာတာ ကြားရတော့ CNF အနေနဲ့ KIO အပေါ် အတိုင်းအဆမရှိ ဝမ်းသာပါတယ်။ ချင်းပြည်သူ တွေဟာ စားနပ်ရိက္ခာသက်သက်အတွက် မဟုတ်ဘဲ နေရေးထိုင်ရေး သွားရေးလာရေး အားလုံးပျက်စီး ခြင်းနဲ့ ရင်ဆိုင်နေရတယ်။ ချင်းသမိုင်းတလျှောက်မှာ အဆိုးဆုံး သဘာဝဘေးအန္တရာယ် ရိုက်ခတ်မှု ဒါဏ်ကို ခံနေရတဲ့အချိန် ဖြစ်ပါတယ်။ အရေးကြီးရင် သွေးနီးတယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲလို့ ပြောရမှာပါ။ ခုလို ဘေးဒုက္ခကြံုတွေ့တဲ့အချိန်မှာ ကိုယ့်ပြည်အတွင်း အစောတလျင် ဆောင်ရွက်ရမဲ့ ကိစ္စ အများကြီးရှိပါလျက်နဲ့ ချင်းပြည်သူများဖက်မျက်နှာလှည့် လက်ဆန့်ပြီး ကူညီထောက်ပံ့မှှုများ ပြုလုပ်ခြင်းဟာ ချင်အမျိုးသားတွေရဲ့ ဘေးဒုက္ခခံစားနေရမှုအပေါ် ထပ်တူထပ်မျှခံစားနေကြကြောင်းကို ထင်ထင်ရှားရှား ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်”ဟု CNF လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် Paul Sitha က ပြောသည်။
ပြည်နယ်အစိုးရ စာရင်းအရ သဘာဝ ရေဘေးကြောင့် ချင်းပြည်နယ်အတွင်း အစိုးရကျောင်းပေါင်း ၄၀၊ ဘုရားကျောင်း ၁၆၊ အစိုးရ အဆောက်အဦး ၂၈၊ လူနေအိမ်ခြေ ၁၈၁၂၊ ကားလမ်း ၁၀၅ နေရာ၊ တံတား နှင့် ရေမြောင်း ရ၃၊ လယ်ယာမြေ ဧက ၁၇၀၇ ပျက်စီးခဲ့ရပြီး ပမာဏအားဖြင့် ကျပ်ငွေ သိန်းပေါင်း ၁၀၅၂၆. ၆၆၄ ရှိသည်ဟု သိရသည်။
ချင်းပြည်နယ် မြို့တော် ဟားခါးသည် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပြီး မြို့ဟောင်း၊ စျေးဟောင်းနှင့် ပြည်တော်သာ ရပ်ကွက်သည် တခြားနေရာသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း၊ ပညာရှင်များကလည်း ပြောင်းရွှေ့ရန် နေရာများကို လေ့လာနေဆဲဖြစ်ကြောင်နှင့် လက်ရှိ ခန့်မှန်းခြေအရ အိုးမဲ့ အိမ်မဲ့ ချင်းပြည်သူ ဦးရေ ၁၀၀၀၀ နီးပါး ရှိသည်ဟု သိရသည်။
ထို့အပြင် ချင်းပြည်နယ် (၉) မြို့နယ်အတွင်း ဆက်သွယ်သွားလာရေး ခက်ခဲသော ကျေးလက်ဒေသ များတွင် ရွာချင်းဆက် ဆိုင်ကယ်လမ်း အားလုံးနီးပါးသည် ပျက်စီးသွားပြီး အသေးစိပ် စာရင်းပြုစုမှု မရှိသေးကြောင်း ထပ်မံသိရသည်။
မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံး ချင်းပြည်နယ်ကို အစိုးရမှ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်နေသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်သော်လည်း ရေဘေးကြောင့် အဆိုပါ ဖွံ့ဖြိုးရေး လုပ်ငန်းများ ပြန်လည် နလံထူရေး နှစ်နဲ့ချီ ခက်ခဲမည်ဟု လေ့လာသူများက ပြောဆိုနေကြသည်။







