မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် နှမ်းစိုက်ခင်းများ ဆုံးရှုံးမည်ကို ဖားဆောင်းနယ်သားတို့ စိတ်ပူ

မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် နှမ်းစိုက်ခင်းများ ဆုံးရှုံးမည်ကို ဖားဆောင်းနယ်သားတို့ စိတ်ပူ
by -
ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း မိုးခေါင်ပြီး မိုးနည်းသည့် အခြေအနေများကြောင့် ဖားဆောင်းမြို့၊ ဝမ်းအောင်ကျေးရွာရှိ နှမ်းစိုက်ပျိုးပြီး ဝမ်းစာရှာနေရသော ယင်းတလဲ လူမျိုးစုများမှာ စိုက်ပျိုးငွေများ ဆုံးရှုံးမည်ကို စိတ်ပူပန်နေကြရပြီဖြစ်သည်။

အကယ်၍သာ လိုအပ်သော ကာလအတွင်း မိုးရွာသွန်းခြင်း မရှိပါက နှမ်းများကို အနည်းဆုံး နှစ်ကြိမ်ပြန်ထယ်(နှမ်းပြန်ကြဲ) ရမည်ဖြစ်ပြီး အရင်းငွေ ဆုံးရှုံးမည်ကို စိုးရိမ်နေကြသည်။

ဝမ်းအောင်ကျေးရွာရှိ ရွာသူ၊ ရွာသားများသည် ရွာဘေးပတ်လည်တောင်ယာခင်းများနှင့် သံလွင်မြစ် နံဘေးတလျှောက်တွင် တောင်ယာများ မှီခိုလုပ်ကိုင်နေကြခြင်းဖြစ်ပြီး ဝမ်းအောင်ကျေးရွာသူ တစ်ဦးအဖြစ်လည်း တောင်ယာနှစ်ရှည်လုပ်ကိုင်သူ ဒေါ်ဌေးဝင်းက မိုးသာမရွာပါက ဆုံးရှုံးမှု အလွန်များနိုင်သည်ဟု ကန္ဒရဝတီတိုင်း(မ်)သို့ ပြောသည်။

 “နယုန်လ ပထမအကြိမ် နှမ်းကြဲဲပြီးတော့ တစ်လကြာတော့ နှမ်းပင်က ၁လက်မလောက်ပဲ ရှိတယ်။ တချို့နေရာတွေ မပေါက်တော့ ဒုတိယအကြိမ် ပြန်ထယ်တယ်။ မိုးကလည်း မရွာဘူး။ အမြစ်တောင် ပြန်တူးရှာလို့ မတွေ့ဘူး။ နောက် တတိယအကြိမ် ပြန်ကြဲတော့ မြက်တွေက ထူတယ်။ ပေါက်လိုက်ရ တာ တအားမလွယ်ဘူး။ ဒီနှစ်က အခက်ခဲတွေပဲ။ မိုးထပ်မရွာရင် တအားကိုရှုံးမှာ၊ အရင်နှစ်က အကြွေးလည်း ပြန်မကြေနိုင်ဘူး။ ခုလည်း တော်တော်ကုန်ထားပြီ”ဟု ဒေါ်ဌေးဝင်းက ဆိုသည်။

ဝမ်းအောင်ကျေးရွာရှိ ရွာသူ၊ ရွာသားများသည် ဘိုးဘွားလက်ထက်ကပင် တောင်ယာစိုက်ပျိုးခြင်းကို အဓိက မှီခိုအားထားခဲ့ရာ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် နှင့် ယခုနှစ်တွင် မိုးနောက်ကျခြင်းကြောင့် အခက်တွေ့ခဲ့ကြရသည်။ မိုးနောက်ကျသဖြင့် နှမ်းပင်များ ဖျင်းပြီး နှစ်လက်မ အရွယ်ပင် နှမ်းပွင့်များ ပွင့်နေသောကြောင့် နှမ်းထွက်နှုန်း မကောင်းသဖြင့် ပြန်လည်ကြဲရခြင်းဖြစ်သည်ဟု တောင်ယာလုပ်ကိုင်သူ မစန်းစန်းခိုင်က ပြောသည်။

“အရင်နှစ်က နှမ်းပင်ပွင့်တာ နည်းနည်းကောင်းတယ်။ ဒါပေမယ့် မိုးက နည်းတယ်။ ပြီးတော့ နေတအားပူတော့ နှမ်းစေ့တွေ မကောင်းဘူး။ အပုံး ၃၀ ပဲ ရတယ်။ ဒီနှစ်က အခြေအနေ ပိုမကောင်းဘူး။ အပင်က မသန်ဘူး။ နှစ်ခေါက် သုံးခေါက် ပြန်ထယ်ရတယ်(နှမ်းပြန်ကြဲ)။ ဒီတစ်ခါ နှမ်းပင် မကောင်းတော့ရင် ပြောင်းကောက်ပဲ ပြန်ထည့်တော့မယ်။”ဟု ၎င်းက ဆိုသည်။

ဝမ်းအောင်ကျေးရွာတွင် နှမ်းနက်၊ နှမ်းပြာ၊ နှမ်းနီ စသည်တို့ကို အဓိက စိုက်ပျိုးကြပြီး နှမ်းသိမ်းပြီး ကာလ ရောက်လျင် ပြောင်းကောက်များကို ရိုးရာခေါင်ရည်နှင့် အရက်ချက်ရန် ပြန်လည်စိုက်ပျိုးကြသည်။

ရွာသားများအတွက်မူ ရာသီဥတု အဆင်ပြေ၍ မိုးမှန်ရေးသာ အဓိကဖြစ်ပြီး ရွာသားအများစုမှာ မိုးမှန်ရေးကိုသာ ဆုတောင်းနေကြရသည်။ ဖားဆောင်းမြို့၊ ဝမ်းအောင်ကျေးရွာတွင် ယင်းတလဲ လူမျိုးစု ၅၀၀ ကျော် နေထိုင်ပြီး ၉၈ ရာခိုင်နှုန်းကျော် တစ်နှစ်လျှင် တစ်ကြိမ် နှမ်းစိုက်ပျိုးကာ ဝမ်းစာရေးအတွက် အဓိက အားထားကြသည်။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...