ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်သဖြင့် ဝန်ကြီးချုပ်နှင့်တကွ ဝန်ကြီးများ ပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်၍ ရွေးကောက်ပွဲဝင်ရန် မသင့်ကြောင်း ကယား(ကရင်နီ)ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စည်သူက ပြောသည်။
“တသီးပုဂ္ဂလအနေနဲ့ ပြိုင်မယ်ဆိုတော့ မသိတဲ့လူထုက အပေါ်က ဗဟိုဦးစီးစနစ်နဲ့ လုပ်တာ မကြိုက်လို့ သူက နုတ်ထွက်ပေးတယ် ဆိုပြီးတော့ ဟန်ပြတော့ ကောင်းတာပေါ့၊ ပြည်သူလူထုက နားမလည်းဘူးကော။ လူထုတွေကို မလိမ်နဲ့ ရိုးသားပါသစ္စာရှိပါလို့ ပြောချင်တယ်”ဟု သူက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
ထိုသို့ ပြန်လည်ဝင်ရောက်ခြင်းသည် အတိုက်ခံပါတီများနှင့် တိုင်းရင်းသားများအကြား နည်းပေါင်း မျိုးစုံဖြင့် ထိုးဖောက်ရန်အတွက် အကွက်ကျ စီစဉ်ထားသော နိုင်ငံရေးကစားကွက် ဖြစ်နိုင်သည်ဟု ဒေါက်တာဒေါ်ခင်စည်သူက ဆက်ပြောသည်။
ရွေးကောက်ပွဲကာလ နီးကပ်မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ပါတီက နုတ်ထွက်ခြင်းသည် လှည့်ကွက် တခုအသုံးပြု၍ ဝင်ရောက်လာနိုင်ကြောင်း ကယန်းအမျိုးသားပါတီအထွေထွေအတွင်းရေးမှူး ဦးနန်းရီက ပြောသည်။
“အခုနုတ်ထွက်ပြီး တသီးပုဂ္ဂနဲ့ ပြိုင်မယ်ဆိုတော့ ဒါက သူတို့ လှည့်ကွက် နည်းဗျူဟာတခု သူတို့ လုပ်လိမ့်မယ်။ သူတို့က တသီးပုဂ္ဂလလည်း ဝင်မယ်လို့ပြောတယ်။ တခြားပါတီထဲလည်း ဝင်မယ်ကြားတယ်။ ကျနော့် အမြင်တော့ မရိုးသားဘူးလို့ပဲမြင်တယ်”ဟု သူက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
လက်ရှိပြည်နယ်အစိုးရ စီမံအုပ်ချုပ်ခဲ့သည် ၄ နှစ် ကျော်ကာလအတွင်း ပြည်နယ်လွှတ်တော်က ပြည်နယ်နှင့် လူထုအတွက် အကျိုးပြုသည့် ဥပဒေများ မပြဌာန်းနိုင်သည့်အပြင် ပြည်ထောင်စုအစိုးက ချပေးလိုက်သော ဖွံ့ဖြိုးရေး စီမံကိန်းများကိုလည်း စည်းရုံးရေးကဲ့သို့ အသုံးပြုသည်ဟု ကရင်နီပြည် လူငယ်များ သမဂ္ဂဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က ပြောသည်။
“ထပ်မံပြီးတော့ အရွေးချယ်မခံသင့်သလို လူထုတွေကလည်း ဒါကို သိတဲ့အတွက် သူတို့ကိုတော့ တော်တော်တန်တန် ထောက်ခံမဲ ပေးဖို့စဉ်းစားကြတော့မယ့် အနေထားမျိုးလို့ သုံးသပ်တယ်”ဟု သူက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
ဇူလိုင်လအတွင်းက သမ္မတ၏ ပြည်နယ် ခရီးစဉ်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များနှင့် တွေ့ဆုံ ခဲ့ပြီး ညိနှိုင်းမှုများ ရှိနိုင်သည်ဟု သုံးသပ်သည်။
ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၄ ဦးသည် ဗဟိုပါတီမှ ထိန်းချုပ်မှုများခြင်းကြောင့် ပါတီမှ နုတ်ထွက်ခဲ့ပြီး လူထုများတောင်းဆိုပါက တသီးပုဂ္ဂဖြင့် ရွေးကောက်ပွဲဝင်သွားမည်ဟု ဝန်ကြီးချုပ်က ပြောဆိုထားသည်။







