ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့သို့ ဆက်သွယ်သော ထန်တလန်၊ ဖလမ်း၊ မတူပီ နှင့် ဂန့်ဂေါကား လမ်းများသည် မြေသားပြိုကျမှုများကြောင့် ယခုအခါသွားလာ၍ မရဖြစ်နေပြီး ရိက္ခာများ ပြတ်လပ်ကာ ဟားခါးတမြို့လုံး ဒုက္ခသည် ပုံစံဖြစ်နေပြီဟု ဟားခါး ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးလည်း ဖြစ်၊ ချင်းလူငယ် အဖွဲ့ဥက္ကဌလည်းဖြစ်သည့် ယာကုတ်ထန်က ပြောသည်။
“အားလုံးက ဒုက္ခသည်ပုံစံမျိုးဖြစ်ကုန်ပြီ ဘာကြောင့်လည်းဆိုတော့ အများသောအားဖြင့်တော့ ချင်းတွေက အမျိုးတွေဆီမှာပဲ တည်နေကြတယ်။ အရင်က မိသားစု လေငါးယောက်လောက်ပဲ ရှိနေတဲ့ သူတွေက အယောက် ၁၅၊ ၂၀ လောက်တိုး လာပြီဆိုတော့ စားဖို့သောက်ဖို့ ကြိုတင်ဝယ် တားတဲ့ဟာ တစ်လစာ လုံလောက်မယ်လို့ ထင်တဲ့ဟာကို သုံးလေးရက်မှာကုန် သွားတယ်ဆိုတော့ အားလုံးနီးပါးလောက် စားဖို့ပေါ့နော် ဒုက္ခရောက်ကြတယ်’’ဟု ပြောသည်။
ရပ်ကွက်ကြီး ၆ ခုရှိသော ဟားခါးမြို့တွင် ရပ်ကွက် ၄ ခုမှ အိမ်ခြေစုစုပေါင်း ၆၁၃ အိမ်ပြိုကျပျက်စီး သွားခဲ့ပြီး ကျန်ရပ်ကွက် ၂ ခုသည်လည်း မိုးဆက်လက်ရွားသွန်းမည်ဆိုပါက စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်ဟု သိရသည်။
ယခုလက်ရှိ ဟားခါးမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ၁၁ ခုဖွင့်လှစ်ထားပြီး လူပေါင်း ၆,၆၇၃ ဦးကို ပြောင်းရွှေ့နေရာချထား ပြီး ဒေသခံအတော်များများသည်လည်း ကယ်ဆယ်ရေးစခန်းတွင် မနေဘဲ နီးစပ်ရာဆွေမျိုးများအိမ်သို့ သွားရောက်ခို လုံနေကြသည်ဟု သိရသည်။
ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဒေါက်တာ ဘမောင်က ဒုက္ခသည်များ စားဝတ်နေရေးအစဉ် ပြေလည်စေရန်အတွက် တပ်မတော်ထံမှ ဆန်အိပ် ၅၀၀ ချေးပြီး ဖြန့်ဝေနေသည်ဟု ပြောဆို နေသော်လည်း ကိုယာကုတ်ထန်ကမူ ဒုက္ခသည်များထံသို့ ဆန်အိပ် ၁၀၀ ခန့်သာ ဖြန့်ဝေသေးသည်ဟု ပြောသည်။
“မနက်ဖြန်ချက်ဖို့ ဆိုတဲ့ဟာတွေလည်း အားလုံးစိုးရိမ်နေကြတယ်။ အစိုးရဘက်ကတော့ ဆန်အိပ် ၅၀၀ ထဲမှာ ၁၀၀ လောက်ပဲ ဖြန့်သေးတယ်။ ၄၀၀ တော့ လူထုဒုက္ခသည်ဆီမှာ လက်ခံမှုမရှိသေးဘူး’’ဟု ကိုယာကုတ်ထန်က ပြောသည်။
ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးသည့် အရေးပေါ်ရိက္ခာတချို့ ရောက်ရှိလာသော်လည်း ရေဘေးသင့် သူများနှင့် မြို့နေ ပြည်သူများသည် အရေအတွက် များပြားသဖြင့် စာနပ်ရိက္ခာများလိုအပ်နေဆဲဟု သိရသည်။
ပြည်မဘက်မှ စီးပွားရေး လုပ်ငန်းရှင်များ ဟားခါးမြိုသို့ရောက်ရှိလာခဲ့ကြပြီး အကူအညီများပေးအပ်ခဲ့ ကြသော်လည်း အများစုမှာငွေသားဖြင့်သာ ကူညီခဲ့ကြသည့်အတွက် ယခုလောလောဆယ်တွင် ဟားခါးမြို့တွင် မည်သည့်ကုန်ပစ္စည်းမှ ဝယ်မရဖြစ်နေကြောင့် အခက်ကြံုနေရသည်ဟု ကိုယာကုတ်ထန်က ပြောသည်။







