ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့် ပတ်သက် သည့် ဓာတ်ပုံနှင့် ရုပ်သံများကို ရဲဌာန၏ ခွင့်ပြုချက်မရဘဲ လူမှုကွန်ရက်ပေါ် မတင်ရန် ကန့်သတ်လာကြောင်း လူမှုကယ်ဆယ်ရေးအသင်းများနှင့် နီးစပ်သူများက ပြောသည်။
အဆိုပါ ကန့်သတ်ချက်သည် တရားဝင် စာထုတ်ပြန်ထားခြင်း မဟုတ်ဘဲ မြစ်ကြီးနားမြို့မှ နယ်ထိန်းရဲများက ပရဟိတအသင်းအချို့ကို ပြီးခဲ့သည့် ဩဂုတ်လမှစ၍ နှုတ်ဖြင့် လာရောက်ပြောဆိုထားခြင်း ဖြစ်သည်။
ပရဟိတအသင်းဝင်များနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက “အဓိက ပြဿနာက ရဲအရေးပိုင်သတင်းတွေ လိုင်းပေါ် အလျင်စလို မတင်ဖို့ တားမြစ်တာရှိတယ်။ တင်လို့ မှားခဲ့ရင် တာဝန်ယူရမယ်။ ရိုးရိုးယာဉ်တိုက်မှုတို့၊ ရေနစ်သေတာတို့၊ မီးလောင်တာတို့ တင်တာ ကိစ္စမရှိဘူးတဲ့။ တစ်ချို့သတင်းတွေကို ခွင့်ပြုချက်မရဘဲ မတင်ဖို့ လာပြောခံရတာရှိတယ်” ဟု ပြောသည်။
ထိုသို့ တားမြစ်ထားသဖြင့် ပရဟိတအသင်းများအနေဖြင့် မှုခင်းဖြစ်စဉ်များတွင် သွားရောက်ကူညီသည့်အခါ ဓာတ်ပုံ၊ ရုပ်သံ မှတ်တမ်းယူခြင်းနှင့် အချက်အလက်များ မျှဝေခြင်းတို့တွင် ပိုမို သတိထားလာရပြီး လုပ်ငန်း ဆောင်ရွက်ရန် ခက်ခဲလာကြောင်း ဆိုသည်။
မြစ်ကြီးနားမြို့ပြ လုံခြုံရေး အခြေအနေကို လူမှုကွန်ရက်မှတစ်ဆင့် အဓိက သိရှိနေရချိန်တွင် ယခုကဲ့သို့ ကန့်သတ်လိုက်သည့်အတွက် ပြည်သူများ သတင်းအချက်အလက် အချိန်မီ ရရှိရေးနှင့် မြို့တွင်း လုံခြုံရေး အခြေအနေ သိရှိနိုင်ရေးတို့တွင် အခက်အခဲများ ကြုံတွေ့လာရနိုင်ကြောင်း မြို့ခံများက ဆိုသည်။
မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက “အခုနောက်ပိုင်း မှုခင်းတွေဖြစ်ရင် လိုင်းပေါ်ကနေ အရင်သိရတာများ တယ်။ ပရဟိတအသင်းတွေကလည်း ဓာတ်ပုံ၊ ဗီဒီယိုတွေ မတင်ရဘူးဆိုရင် ပြည်သူတွေကို အချိန်မီ အသိပေးဖို့ အခက်အခဲရှိသွားနိုင်တယ်” ဟု ပြောသည်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားတွင် အုပ်စုဖွဲ့ လုယက်မှု၊ ဓားထောက် လုယက်မှုများ အပါ အဝင် ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာပြီး ၂၀၂၅ ခုနှစ်အတွင်း ခိုးဆိုးလုယက်မှု ဖြစ်စဉ် ၅၀ ထက်မနည်း ရှိခဲ့ကြောင်း KNG က စုစည်းထားသည့် အချက်အလက်များအရ သိရသည်။
ယခုကဲ့သို့ မှုခင်းဆိုင်ရာ မှတ်တမ်းများ မျှဝေမှုကို ကန့်သတ်ခြင်းသည် မြို့တွင်း လုံခြုံရေး အားနည်းချက်နှင့် ရဲတပ်ဖွဲ့၏ မှုခင်း ထိန်းချုပ်နိုင်စွမ်း မရှိမှုကို ပြည်သူများ ပိုမို မြင်သာသွားမည်ကို စိုးရိမ်၍ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။







