ပဲခူးတိုင်းအတွင်းရှိ ကပစ (၁၆) နှင့် အမြောက်တကမ်းအထိ အာရက္ခတပ်တော် ထိုးစစ်ရောက်ရှိ

ပဲခူးတိုင်းအတွင်းရှိ ကပစ (၁၆) နှင့် အမြောက်တကမ်းအထိ အာရက္ခတပ်တော် ထိုးစစ်ရောက်ရှိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆) နှင့် ကပစ (၉) နောက်ကျောဘက်တို့တွင် အာရက္ခတပ်တော် (AA) ပူးပေါင်းအင်အားနှင့် စစ်အုပ်စုတပ်တို့ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေပြီး ကပစ (၁၆) နှင့် အမြောက်တကမ်းအထိ AA ရောက်ရှိလာကြောင်း မြို့ခံများက ပြော သည်။

ကပစ (၁၆) နှင့် ကပစ (၉) တို့၌ တပ်စွဲထားသည့် ဟောင်ဝစ်ဇာ (Howitzer) အမြောက်များဖြင့် စက်တင်ဘာ ၄ ရက်မှ ယနေ့အထိ ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်နေသလို လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ကပစ (၉) အနီးနေထိုင်သည့် ဒေသခံတစ်ဦးက ”ကပစ ၁၆ ရဲ့ နောက်ဘက် မသုန်ရွာဘေးချောင်းစပ်မှာ အမြောက် နှစ်လက်ထိုင်ထားပြီး ဆော်နေတာ အေအေက တောင်ပေါ်ကနေ ပစ်ရင်ရတယ်။ ဒါပေမဲ့ ရွာမလွတ် လို့ မပစ်တာ လို့ ပြောတယ်။ ကပစ ၉ ကလည်း အမြောက်နဲ့ ကျောက်ဖူးကြိုးဝိုင်းထဲ ပစ်ထည့်နေတယ်” ဟု ပြော သည်။

စစ်အုပ်စုတပ်ဘက်မှ အသုံးပြုနေသည့် ဟောင်ဝစ်ဇာ အမြောက်များသည် အမျိုးအစားနှင့် အသုံးပြုသည့် ကျည် ပေါ် မူတည်၍ အဝေးဆုံး ၁၁ ကီလိုမီတာ (၇ မိုင်ခန့်) အထိ ရောက်ရှိနိုင်သည်။ ဟောင်ဝဇ်ဇာ အမြောက်များသည် အမြင့်ထောင်ပစ်သော အမြောက်များဖြစ်ပြီး တောင်ကုန်းတောင်တန်း အတားအဆီးများနောက်ကွယ်ရှိ ပစ်မှတ်များကို ပစ်ခတ်ရန် အသုံးပြုသည်။

ဥသျှစ်ပင်အနီးတဝိုက် ကျေးရွာများရှိ ဒေသခံများ၏ ပြောကြားချက်အရ ညဘက်များတွင်သာ ပစ်ခတ်သံများ တိတ်ဆိတ်သွားလေ့ရှိပြီး မိုးမလင်းမီအချိန်မှစ၍ ပြန်လည်ပစ်ခတ်နေကြသဖြင့် AA ဘက်မှ တန်ပြန်ထိုးစစ် ပြန်လည် စတင်လာခြင်း ဖြစ်သည်ဟု ရွာသားများက သုံးသပ်နေကြသည်။

မြေပြင်ကင်းထောက် စစ်ရေးသတင်းမြစ်တစ်ဦးက ”စက်တင်ဘာ ၅ ရက်နေ့ ညနေစောင်းကလည်း အရေးပေါ် မီးတွေဖွင့် အရမ်းမောင်းလာတဲ့ ကျောက်ကားပေါ်မှာ ပိုက်တန်းလန်းနဲ့ စစ်သားတွေ မြင်လိုက်တယ် ဘယ်ပို့လဲ မသိဘူး” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း အာရက္ခတပ်တော်က စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံများကို ဦးတည် တိုက်ခိုက်ခဲ့သဖြင့် ကပစ (၁၆) ၌ လုပ်ငန်းများ ရပ်နားကာ ခံစစ်ပြင်ထားခဲ့ဖူးသည်။

လက်ရှိအခြေအနေအရ ကပစ (၁၆) နှင့် အနီးဆုံးရှိ ကျွဲကန်တောင်စခန်းအထိ AA က သိမ်းပိုက်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် ကပစ (၁၆) ၏ ပွိုင့် ၆၆၆ စခန်းသည် တချိန်က သူရဲတန်းကြိုးဝိုင်း အတွင်းရှိ သစ်မှောင်ခိုဂိတ်တစ်ခု ဖြစ်ခဲ့ပြီး အဆိုပါ စခန်းအနီးတွင် ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ လှရွှေလှေဘက်သို့ ပေါက်သည့် သစ်ထုတ်လမ်းတစ်လမ်းရှိသည်။

ဓာတ်ပုံ – Crd

 

Most read this week

September 9, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်...
Human Rights Foundation of MonLand
September 8, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဖလူးဒေသရှိ ပလောတပို့ (အမိုးပြာ) စစ်ဘေးရှောင်စခန်းကို...
ဗုံးကြဲပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ / Crd
September 8, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ်က...
September 8, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာရှိ လူနေအိမ်များကို စစ်အုပ်စုတပ်က...