စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ လာအိုနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အပြီးတွင် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို ဇူလိုင်လ ၁၆ ရက်နေ့တွင် တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်သည်။
ဦးမင်းအောင်လှိုင်သည် ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ လာအိုနိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား မဲခေါင် မြစ်ပေါ်တွင် လျှပ်စစ်ဓာတ်အား ၂,၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည် ဖော်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါစီမံကိန်းကို သျှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်နှင့် လာအိုနိုင်ငံ လွမ်နမ်သာခရိုင်အကြား မိုင် ၁၅၀ ခန့်ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်တွင် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံအလုပ်သမားဝန်ကြီးများ တွေ့ဆုံပြီး လာအိုနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများအတွက် Certificate of Identity (CI) ထုတ်ပေးရေး၊ အလုပ်သမားအခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခြောက်နှစ်နီးပါး ပိတ်ထားခဲ့သည့် ဝမ်ပုံ-မိန်းမော ရေကြောင်း ဖြတ်ကျော်မှုကို ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည်။
တာချီလိတ်မြို့ခံတစ်ဦးက “အရင်ပိတ်ထားတုန်းကတော့ လာအိုဘက်သွားအလုပ်လုပ်တဲ့သူတွေက ခိုးသွားကြတာ။ အခုတော့ မှတ်ပုံတင်ရှိရင် တရားဝင်သွားလို့ရပြီ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။
တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်းသည် ထိုင်း - မြန်မာနယ်စပ် မယ်ဆိုင်- တာချီလိတ်ဂိတ်ကဲ့သို့ပင် အရေးပါ သည့် ဝင်ပေါက်တစ်ခုဖြစ်သည်။
ဂိတ်များမဖွင့်မီကာလက ဒေသတွင်းသွားလာလိုသူများသည် စက်လှေများဖြင့် တရားမဝင် ခိုးကူးခဲ့ရပြီး တစ်ဦးလျှင် တရုတ်ယွမ် ၁၀၀ မှ ၂၀၀ ခန့်အထိ ပေးဆောင်ခဲ့ရသည်။
“အခုတော့ တစ်ယောက်ကို ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) အတွက် ကျပ်တစ်ထောင်ပဲ ပေးရတော့မယ်” ဟု ဒေသခံတစ်ဦးက ဆက်သည်။
ယခုဖွင့်လှစ်သည့် ဝမ်ပုံဂိတ်တွင် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် Smart Card ကိုင်ဆောင်ထားသူများ အနေဖြင့် ယာယီဖြတ်ကျော်ခွင့်လက်မှတ် (TBP) ပြုလုပ်ကာ သွားလာနိုင်သည်။
သို့သော် နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဖြတ်သန်းခွင့်ရှိ၊ မရှိကိုမူ အာဏာပိုင်များဘက်က ရှင်းလင်းစွာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ဝမ်ပုံဆိပ်ကမ်းမှ လာအိုနိုင်ငံ မိန်းမောဆိပ်ကမ်းသို့ စက်လှေဖြင့် ဖြတ်ကူးပြီး နောက် လာအိုလူဝင်မှုကြီးကြပ်ရေးရုံးတွင် သတင်းပို့ဝင်ရောက်ရမည်ဖြစ်သည်။
ဂိတ်ပြန်လည်ဖွင့်လှစ်သည့် ပထမဆုံးနေ့တွင် မြန်မာနိုင်ငံသား ၅ ဦးအား TBP ထုတ်ပေးခဲ့ပြီး လာအိုနိုင်ငံဘက်သို့ စက်လှေဖြင့် ထွက်ခွာသွားခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
လာအိုနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆ သောင်း ဝန်းကျင် ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ထုတ်ပြန်ချက်အရ သိရသည်။







