ထီးချိုင့်မြို့တွင် စစ်ဘေးရှောင်အချို့ ပြန်လည်ဝင်ရောက်နေထိုင်

ထီးချိုင့်မြို့တွင် စစ်ဘေးရှောင်အချို့ ပြန်လည်ဝင်ရောက်နေထိုင်

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ထီးချိုင့်မြို့ပေါ်  ရပ်ကွက်အချို့တွင် စစ်ဘေးရှောင်ပြည်သူများ ပြန်လည် ဝင်ရောက် နေထိုင်မှုများ ရှိနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မြို့ပေါ်ရပ်ကွက် အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့သော်လည်း စစ်တပ်က မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ဆိုကြသည်။

မြို့အတွင်း ပြန်လည်ဝင်ရောက် နေထိုင်သူ ဒေသခံတစ်ဦးက “မြို့ကိုတော့ဝင်ကြပြီ။ အမှတ် ၄ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်မှာတော့ အချို့ ပြန်ဝင်နေကြတယ်။ ဒါပေမဲ့ မလုံခြုံဘူး။ မိုင်းတွေက မရှင်းရ သေးဘူး။ မိုင်းတွေတွေ့ရင်တော့ စစ်တပ်ကိုသွားပြောရတယ်” ဟု ပြောသည်။

ထီးချိုင့်မြို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက် တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး နှစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြို့လုံးကျွတ်နီးပါး ထိခိုက်ပျက်စီးခဲ့ရ ခြင်း ဖြစ်သည်။

လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များ၌ မိုင်းရှင်းလင်းရေးလုပ်ငန်းများ မဆောင်ရွက်နိုင်သေးဘဲ နယ်မြေလုံခြုံရေး စိတ်မချရသေးသည့်အတွက် ပြည်သူအများစု ပြန်လည်ဝင်ရောက်ရန် ခက်ခဲနေကြောင်း ပတ်ဝန်းကျင်က သုံးသပ်ကြသည်။

အခြားဒေသခံတစ်ဦးကလည်း “တချို့ကလည်း ပြောနေကြတယ်။ ပြန်မဝင်ကြနဲ့၊ မြို့ကိုဝင်ပြီးနေတဲ့သူတွေကို တော်လှန်ရေးဘက်က အရေးယူမယ်လို့ ပြောကြတယ်။ နောက်ပြီး မြို့ကို ပြန်တိုက်မယ်လို့ ပြောသံတွေလည်း ကြားနေရတယ်။ ဒါကြောင့် လုံခြုံမှုတွေမရှိဘူးလို့ တွေးမိလို့ မပြန်ကြသေးတာပါ” ဟု ပြောသည်။

မြို့ကိုစွန့်ခွာ၍ စစ်ဘေးရှောင်နေရသည့် ဒေသခံများမှာ အဆိုပါဒုက္ခကို ကြုံတွေ့နေရသည်မှာ ယခုအခါ ၃ နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

စစ်တပ်ဘက်ကမူ ထီးချိုင့်မြို့သို့ ပြီးခဲ့သည့် မေလအတွင်းက အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို စေလွှတ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထီးချိုင့်မြို့မှ စစ်ဘေးရှောင်ပြည်သူများသည် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မုံရွာမြို့၊ ပုသိန်ကြီးမြို့နှင့် ရန်ကုန်မြို့ စသည့် မြို့အသီးသီးတွင် ခိုလှုံနေကြရခြင်း ဖြစ်သည်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...