မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေ ကြောင်း အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က ဇူလိုင် ၁၀ ရက် တွင် အသိပေးထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့် ယနေ့နံနက်မှ ဇူလိုင် ၁၈ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ရှိနိုင်ပြီး အချို့ဒေသများတွင် နေရာကွက် မိုးကြီးနိုင်ကြောင်း မိုးဇလက ဖော်ပြသည်။
နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း (အထက်ပိုင်း)၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် မိုးရွာသွန်းမှုများ ရှိမည်ဖြစ်သည်။
ရန်ကုန်ဒေသခံတစ်ဦးက “ရန်ကုန်မှာတော့ မိုးကောင်းနေတာ နှစ်ရက်ရှိပြီ။ ရွာလိုက် တိတ်လိုက်နဲ့” ဟု ပြော သည်။
မြန်မာနိုင်ငံတစ်ဝန်း ရက်ဆက်မိုးရွာသွန်းမှုများကြောင့် မြစ်ရေမြင့်တက်မှုများ ဖြစ်ပေါ်နေသည်။ မိုးဇလ၏ သတိပေးချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အောက် တစ်ပေခန့်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့အတူ ချင်းတွင်းမြစ် (ဟုမ္မလင်းမြို့)၊ ဘီးလင်းမြစ် (ဘီးလင်းမြို့)၊ ရွှေကျင်မြစ် (ရွှေကျင်မြို့) နှင့် စစ်တောင်းမြစ် (မဒေါက်မြို့) တို့တွင်လည်း နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်များသို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထား သည်။
ခန္တီးဒေသခံတစ်ဦးက “ချင်းတွင်းမြစ်ရေက ခန္တီးမြို့မှာတော့ ဇူလိုင်လ ၆ ရက် ညနေပိုင်းကစပြီး ပြန်တက်တာ ဒီနေ့မနက်အထိ ၃ ရက်ကျော်အတွင်း စုစုပေါင်း ၁၇ ပေ တက်ထားတာပါ။ မိုးအခြေအနေပေါ်မူတည်ပြီး ဆက် တော့ တက်ဦးမှာပါ။ အနိမ့်ပိုင်းရပ်ကွက်တွေတော့ ကြိုသိမ်းထားတာ မမှားပါဘူး။ ဟုမ္မလင်းကိုတော့ မိုးဇလက သတိပေးချက် ထုတ်ပြန်ထားပါပြီ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ရခိုင်ပြည်အတွင်း မြောက်ဦး၊ မင်းပြား၊ ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင်နှင့် တောင်ကုတ်မြို့များ၌ ရေကြီးမှုများ ဖြစ်ပေါ်နေပြီး လူ ၄ ဦး သေဆုံးကာ ခန့်မှန်းခြေ ဒေသခံဦးရေ သိန်းနှင့်ချီ ရေဘေးကြုံတွေ့နေရသည်။
ရခိုင်ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူ ကိုဝေဟင်အောင်က “မိုးက မနေ့ကနေ အခုအချိန်အထိ ရွာနေတုန်းပဲ။ မိုးဆက်ရွာနေမယ်ဆိုရင်တော့ ရေမြုပ်တဲ့နေရာတွေ ထပ်တိုးလာနိုင်တယ်။ လောလောဆယ် တော့ ရေတိုးတဲ့နေရာတွေ မရှိသေးဘူး။ ပုံမှန်အခြေအနေပဲ ရှိပါသေးတယ်” ဟု ပြောသည်။
မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်၏ ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်တွင် နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးစံချိန် ဖြင့် ရေကြီးနိုင်ပြီး ရေဝပ်မှုမှာ ရက်သတ္တပတ် ၂ ပတ်ခန့် ကြာမြင့်နိုင်ကြောင်း ဇူလိုင် ၈ ရက်က ပြောကြားထား သည်။
ထို့ပြင် စစ်တောင်းမြစ်ဝှမ်းဒေသများ၌လည်း ဇူလိုင် ၁၉ ရက်မှ ၂၂ ရက်အတွင်း စိုးရိမ်ရေမှတ်များ ကျော်လွန်ကာ ပြင်းထန်သည့် မြစ်ရေလျှံမှုများ ဖြစ်ပွားနိုင်သဖြင့် ကြိုတင်ပြင်ဆင်ကြရန် ၎င်းက အသိပေးထားသည်။
လက်ရှိတွင် မြစ်ကမ်းနားအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် မြစ်ရေမြင့်တက်မှုကို အထူးသတိပြုရန် လိုအပ်နေသည်။ ပြည်သူများအနေဖြင့် မိုးလေဝသဌာနများ၏ ထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် နားစွင့်၍ သတိပြုနေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။







