သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် Kpay ပြေစာအတုများ အသုံးပြု၍ ငွေလိမ်လည်ထုတ်ယူသူများ များပြားလာသဖြင့် ဈေးဆိုင်ပိုင်ရှင်များ အခက်တွေ့နေရသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူ၍ ငွေသွင်းပြေစာအတုပြကာ ငွေကျပ် သိန်း ၃၀ ထုတ်ယူသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးက “ညနေဘက်ဆို ဆိုင်က လူတအားရှုပ်တာ။ အဲ့အချိန်ဆို ငွေထုတ်တဲ့သူတွေ လာတယ်။ လူကရှုပ်နေတော့ ‘အမရေ လွှဲလိုက်ပြီနော်’ ဆိုပြီး ပြေစာပြတော့ ကိုယ်လည်း မစစ်မိလိုက်ဘူး။ အဲ့ဒါနဲ့ ငွေသား ကျပ်သိန်း ၃၀ ထုတ်ပေးလိုက်တာ။ လူရှင်းပြီး စာရင်းပြန်စစ် တော့ ငွေက မရောက်နေဘူး။ အရမ်းပြာယာခတ်သွားတာ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ သင်ခန်း စာရတာပေါ့လေ” ဟု ပြောသည်။
၎င်းက Kpay ပြေစာအတုများကို AI နည်းပညာဖြင့် အစစ်နှင့်နီးစပ်အောင် ပြုလုပ်လာနိုင်ကြောင်းနှင့် ငွေအဝင်ကို သေချာစစ်ဆေးပြီးမှသာ ငွေထုတ်ပေးရန် အခြားဆိုင်ရှင်များကို အသိပေးထားသည်။
အလားတူ ပင်းတယမြို့တွင်လည်း Kpay ပြေစာအတုဖြင့် ငွေကျပ် ၁၀ သိန်း လိမ်လည်ထုတ်ယူခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ပင်းတယမြို့မှ ဈေးသည်အမျိုးသမီးတစ်ဦးက “သူတို့က ငွေလွှဲကြောင်း ပြေစာပြတယ်။ ကိုယ့်ဘက်က ငွေက မဝင်လာသေးဘူး။ ကိုယ့်ဘက်က လိုင်းမကောင်းလို့ပဲ ထင်တာ။ သူတို့ကလည်း အရမ်းကြာတယ်၊ ဘာညာနဲ့ ရန်လုပ်လာတော့ ပြေစာလည်း ပြပြီးဆိုတော့ ငွေထုတ်ပေးလိုက်တာ။ အဲ့ဒါနဲ့ သေချာပြန်စစ်ကြည့်တော့ ငွေက မရောက်လာဘူး။ ဆယ်သိန်းအလိမ်ခံရမှန်း သိသွားတာ” ဟု ပြောသည်။
ထို့အပြင် ပစ္စည်းများဝယ်ယူရာတွင်လည်း ပြေစာအတုများ ပြသ၍ လိမ်လည်ယူဆောင်သွားသည့် ဖြစ်စဉ်များ ရှိကြောင်း သူမက ထပ်လောင်းပြောဆိုသည်။
Kpay ပြေစာအတုများသည် အစစ်နှင့် အလွန်ဆင်တူနေသောကြောင့် ဆိုင်ရှင်များအနေဖြင့် ငွေအဝင်ကို သေချာစစ်ဆေးရန် လိုအပ်သလို သက်ဆိုင်ရာ Kpay စင်တာများတွင်လည်း စနစ်တကျ လေ့လာထားသင့် ကြောင်း အကြံပြုထားသည်။
လက်ရှိ Kpay အက်ပလီကေးရှင်းတွင် အများပြည်သူသုံး အပြာရောင်နှင့် ငွေသွင်း/ငွေထုတ်လုပ်သူ ပွဲစားများ အတွက် အနီရောင်ဟူ၍ နှစ်မျိုးရှိနေသည်ဟု ဆိုကြသည်။







