မင်းပြားတွင် မိုးသည်းထန်ပြီး မြစ်ကမ်းပါးပြိုကျ၊ နေအိမ်များ ရွှေ့ပြောင်းရ

မင်းပြားတွင် မိုးသည်းထန်ပြီး မြစ်ကမ်းပါးပြိုကျ၊ နေအိမ်များ ရွှေ့ပြောင်းရ

ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေသည်။

ထို့အတူ လေးမြို့မြစ်နှင့် ကုလားတန်မြစ်တို့တွင်လည်း ရေစီးသန်နေပြီး ကမ်းပါးတိုက်စားမှုများကြောင့် မြေပြိုမှုများ ဖြစ်ပွားနေသည်။

မင်းပြားမြို့ရှိ လေးမြို့မြစ်ကမ်းစပ်တွင် ရေတိုက်စားမှုကြောင့် ဦးစိုးတင့်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ပြည်တော်လှရပ်ကွက်၊ ရွှေပြည်စိုးရပ်ကွက်၊ မင်းဘာကြီးရပ်ကွက်နှင့် သင်္ဘောဆိပ်အနီးတို့၌ ကမ်းပါးများ ဆိုးဝါးစွာ ပြိုကျနေသည်။

ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် မင်းပြားဒေသခံ အမျိုးသားတစ်ဦးက “ဦးစိုးတင့်ရပ်ကွက်မှာ အိမ်တစ်လုံးပါသွားတော့ ပြန်ဖျက်ပြီး မြေကွက်လေးတစ်ခုမှာ ပြန်ဆောက်နေကြရတယ်။ သူတို့မှာ နီးစပ်ရာ မြေကွက်တွေမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းအိမ်၊ ဆွေမျိုးအိမ်တွေမှာပဲဖြစ်ဖြစ် ခွင့်တောင်းပြီးတော့ ယာယီ နေထိုင် ကြရတယ်။ လက်ရှိမှာ ပြောင်းရွှေ့ဖို့အတွက်လည်း မြေလည်းမရှိသလို၊ ဆောက်ဖို့အတွက် အိမ်ဟောင်းက ကျန်ခဲ့တဲ့ သစ်၊ ဝါး၊ သွပ်ပြားတွေကို ကာပြီးနေရတယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် ယာယီအမိုးအကာဖြင့် နေထိုင်သူများမှာ အမိုးအကာ မလုံခြုံသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအတွက် စိုးရိမ်နေကြရသည်။

လေးမြို့မြစ်ကမ်းနားမှ နေအိမ်အများစုမှာလည်း နှစ်စဉ်မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကမ်းပါးအစွန်တွင် တွဲလျောင်းကျနေသည့်အခြေအနေဖြင့် အန္တရာယ်ရှိစွာ နေထိုင်နေကြရသည်။

လက်ရှိတွင် ရေစီးကြောင်းအလွန်ပြင်းထန်ပြီး မြစ်ကမ်းပါး မြေသားများ နူးအိနေသဖြင့် နောက်ထပ်နေအိမ်များ ထပ်မံပြိုကျနိုင်ခြေရှိကြောင်း ဒေသခံများက သတိပေးသည်။

မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက “အခက်အခဲအများကြီး ဖြစ်နေကြတယ်။ ရေကြီးပြီဆိုရင် ရေက တအား ပြင်းတယ်။ ဒီနေ့တောင် တော်တော်ပြင်းနေပြီ။ ဒါကြောင့် ထပ်ပြီးရေတက်လာမယ်။ ရေတိုက်စားမယ်ဆိုရင် ရေတက်နေတုန်းတော့ ဒီလောက်မပြိုကျဘူး။ ဒါပေမဲ့ ရေတက်ပြီးလို့ မြေကနူးပြီး ကျန်ခဲ့ရင် ထပ်ပြီးအိမ်တွေ ပြိုကျနိုင်တဲ့ အခြေအနေတွေက တအားရှိသေးတယ်” ဟု ပြောသည်။

ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ဆုံးရှုံးသူများမှာ နေရာထိုင်ခင်းမဲ့ဖြစ်နေကာ ရေရှည်အခြေချနေထိုင်ရန် မြေနေရာ လုံးဝမရှိခြင်းကြောင့် နီးစပ်ရာတွင် ဖြစ်သလို ယာယီခိုကပ်နေထိုင်ကြရသည်။

မင်းပြားတွင် ယခင်က ကမ်းထိန်းနံရံအချို့ကို တည်ဆောက်ခဲ့သော်လည်း ရေစီးသန်မှုဒဏ်ကို မခံနိုင်ဘဲ ပျက်စီး သွားခဲ့သဖြင့် ရေရှည်ခိုင်ခံ့မည့် ကမ်းထိန်းနံရံ စီမံကိန်းများကို အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်ကြောင့် ဇူလိုင် ၄ ရက်မှစ၍ ရခိုင်ပြည်တွင် မိုးသည်း ထန်စွာ အဆက်မပြတ် ရွာသွန်းလျက်ရှိပြီး မြေနိမ့်ပိုင်းနှင့် မြစ်ချောင်းအနီးနေထိုင်သူများ ရေကြီး ရေလျှံမှုဒဏ်ကို ဆက်လက်ခံစားနေရသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...