မုံရွာ - ကလေးဝလမ်းကို ထိန်းချုပ်နိုင်ပြီဆိုသည့် စစ်တပ်ထုတ်ပြန်ချက်ကို PDF များ ပယ်ချ

မုံရွာ - ကလေးဝလမ်းကို ထိန်းချုပ်နိုင်ပြီဆိုသည့် စစ်တပ်ထုတ်ပြန်ချက်ကို PDF များ ပယ်ချ

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ပြီဟု စစ်တပ်က ထုတ်ပြန်လိုက်ခြင်းမှာ အိန္ဒိယနိုင်ငံကို ပြသရန် လုပ်ဆောင်သည့် ဟန်ပြဝါဒဖြန့်မှုသက်သက်သာ ဖြစ်ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက တုံ့ပြန်ပြောဆိုသည်။

စစ်တပ်သည် ဇွန်လ ၂ ရက်မှစတင်ကာ ‘လမ်းပိုင်းရှင်းလင်းရေး’ ဟုဆိုကာ ထိုးစစ်ဆင်ခဲ့ပြီး ဇူလိုင်လ ၇ ရက်တွင် ကလေးဝမြို့သို့ ရောက်ရှိသွားပြီးနောက် လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ပြီဟု ၎င်းတို့၏ ပြန်ကြားရေး ဌာနမှတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကလေးခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်ရေးတာဝန် ရှိသူက အခြေအနေမှန်ကို ရှင်းပြသည်။

“နိုင်ငံရေးအရ ပုံရိပ်ကောင်းတစ်ခုရအောင် အလုပ်ပြတာပေါ့ဗျာ။ သူတို့ကို ထောက်ခံဝါဒဖြန့်တဲ့ ချန်နယ်တွေက နေ အဲဒီလမ်းပေါက်ပြီ၊ ထောက်ချုပ်နိုင်ပြီလို့ပြောပြီး အိန္ဒိယကို ပြဖို့အတွက် လှည့်စားတာပါ။ အခုလို အင်အား အနေအထားနဲ့ ဘယ်လိုမှ စိုးမိုးဖို့မဖြစ်နိုင်ဘူး၊ ဟန်ပြလောက်ပဲ ရှိတာ။”

စစ်တပ်သည် လမ်းပိုင်းရှိ အချက်အချာနေရာများတွင် တပ်စွဲခြင်း သို့မဟုတ် လူအင်အားချထားနိုင်ခြင်းမရှိဘဲ ကျေးရွာဆိုင်းဘုတ်များရှေ့တွင် ဓာတ်ပုံရိုက်၊ ကျေးရွာများကို မီးရှို့ကာ စစ်ကြောင်းတစ်ကြောင်းဖြင့် ကလေးဝ မြို့သို့ ဖြတ်သန်းသွားခြင်းသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် လမ်းတစ်လျှောက် တိုက်ပွဲများအတွင်း စစ်တပ်က ပြင်းပြင်းထန်ထန် ခုခံနိုင်ခြင်းမရှိဘဲ သေဆုံးမှုများ ပြားခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်အချို့ သိမ်းဆည်းရမိထားကြောင်း PDF တာဝန်ရှိသူက ဆက် ပြော သည်။

မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးကလည်း စစ်တပ်သည် အဆိုပါလမ်းပိုင်း တွင် တပ်စွဲထားခြင်းမရှိကြောင်း ပြောသည်။

“တပ်စွဲထားတာမျိုးတွေ မရှိပါဘူးဗျာ။ ထပ်လာရဲရင် လာကြပေါ့။ လမ်းပိုင်းစိုးမိုးမှု ရသွားတယ်၊ မရသွားဘူး ဆိုတာကတော့ အချိန်တစ်ခုမှာ ပြည်သူတွေ သိရပါလိမ့်မယ်။”

စစ်ကြောင်းဖြတ်သန်းစဉ်အတွင်း မင်းကင်းမြို့နယ်ရှိ လက်ပံတော၊ ကျောက်မော်၊ ကုန်းမော်နှင့် ဆိပ်သာကျေးရွာ များမှ အိမ်ခြေ ၁၆၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မင်းကင်း ပအဖ၏ မှတ်တမ်းများအရ သိရသည်။

စစ်တပ်ဘက်ကမူ ယင်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီဖြစ်၍ တမူး-ကလေးမှတစ်ဆင့် ကလေးဝ-မုံရွာသို့ ဖြတ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းအထိ ကုန်စည်စီးဆင်းမှုများ ပြန်လည်အသုံးပြုနိုင်ပြီဟု ဆိုသည်။ လက်တွေ့တွင်မူ တမူး - ကလေးလမ်းပိုင်း၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများ ရှိနေဆဲဖြစ်သည်။

အရှည် ၁၁၅ မိုင်ရှိသည့် မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းသည် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၁၇၅ သန်းကျော်ဖြင့် ကူညီပြင်ဆင်ပေးနေသည့် လမ်းပိုင်းဖြစ်သည်။ လက်ရှိတွင် လမ်းပြင်ဆင်မှု မပြီးသေးသဖြင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းနိုင်ခြင်းမရှိသေးဘဲ ဒေသတွင်း ကားနှင့် ဆိုင်ကယ်အချို့သာ သွားလာနိုင်သေး သည်။

စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေးလမ်း ကြောင်းများ ပြန်ဖွင့်ရန် ပြောဆိုခဲ့ပြီးနောက်ပိုင်း အဆိုပါလမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ ဆက်တိုက် ပြင်းထန် လာခြင်း ဖြစ်သည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...