ဘီးလင်းတိုက်ပွဲတွင် စစ်တပ်အရာရှိ ၂ ဦး သေဆုံး

ဘီးလင်းတိုက်ပွဲတွင် စစ်တပ်အရာရှိ ၂ ဦး သေဆုံး

ကရင်ပြည်၊ ဘီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန် ပြီး စစ်တပ်ဘက်မှ တပ်ခွဲမှူးအဆင့်ရှိသူ ၂ ဦး သေဆုံးသွားကြောင်း သထုံခရိုင် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့မှ စတင်ကာ ဘီးလင်းမြို့မှတစ်ဆင့် အင်အားရာနှင့်ချီ၍ စစ်ကြောင်းထိုးတက်လာ သော စစ်တပ်ကို ဒေါက်ရပ်ကျေးရွာအုပ်စု၊ ကြက်ခြေခတ်ရွာနှင့် တက်တူကုန်းရွာအနီးတွင် KNLA တပ်ရင်း (၂)၊ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ခွဲမှူး ၂ ဦး သေဆုံးခဲ့ပြီး တပ်ရင်းမှူးနှင့် ဒုတပ်ခွဲမှူးတို့ ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို မော်တော်ယာဉ် ၃ စီးဖြင့် သယ်ဆောင်သွားခဲ့ကြောင်း တပ်မဟာ (၁) KNLA တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့ဘက်ကတော့ ထိခိုက်သေဆုံးမှု မရှိပါဘူး။ စစ်တပ်ဘက်က အင်အား ၂၀၀ ကျော်နဲ့ တက်လာတာ ဖြစ်ပြီး တပ်ခွဲမှူး ၂ ယောက် သေဆုံးသလို တပ်ရင်းမှူးနဲ့ ဒုတပ်ခွဲမှူးလည်း ဒဏ်ရာရတယ်လို့ ကြားရပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းသည် ဇူလိုင်လ ၆ ရက်နေ့တွင် အင်အားထပ်မံဖြည့်တင်းခဲ့ပြီး ကြက်ခြေခတ်ရွာ၊ တက်တူကုန်းရွာ လမ်းခွနေရာနှင့် ရွာဘုန်းကြီးကျောင်းဝင်းတို့တွင် နေရာယူတပ်ဖြန့်ခဲ့သည်။

ထို့နောက် အနီးနားရှိ ခဲမောက်ရွာဘက်သို့ စစ်ကြောင်းထိုးရန် ဆက်လက်ကြိုးပမ်းခဲ့သဖြင့် တစ်နေကုန်နီးပါး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ကေအဲန်ယူ သထုံခရိုင်ဘက်က ပြောသည်။

အဆိုပါကျေးရွာများကို ဖြတ်သန်းသွားသည့် လမ်းကြောင်းသည် ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသည့် ကုန်စည် များကို ဘီးလင်းတံတားဂိတ်ကဲ့သို့သော စစ်ဆေးရေးစခန်းများကို ရှောင်ကွင်းကာ အောက်ဘက် ဒေသများသို့ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုရသည့် အရေးပါသော လမ်းကြောင်းတစ်ခု ဖြစ်သည်။



စစ်တပ်အနေဖြင့် နယ်မြေပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းရုံသာမက စီးပွားရေးအရ အရေးပါသည့် အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းကို စိုးမိုးနိုင်ရန်နှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို ကန့် သတ်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သုံးသပ်ကြသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် ကြက်ခြေခတ်ရွာနှင့် တက်တူကုန်းရွာအပြင် အနီးနားကျေးရွာများမှ ဒေသခံ ပြည်သူများသည် နေရပ်သို့ ပြန်လည်မနေထိုင်ရဲကြသေးဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း အဆိုပါ ကျေးရွာများအတွင်းသို့ စစ်တပ်စစ်ကြောင်း ဝင်ရောက်လာ ပြီး ဒေသခံ ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်များရှိ ပစ္စည်းများနှင့် ငွေကြေးများကို ယူဆောင်သွားခဲ့ ကြောင်း ဒေသခံများက ပြောပြချက်အရ သိရသည်။

July 7, 2026
ကရင်ပြည်၊ မြဝတီ (ရာမတီး) မြို့နယ်တောင်ပိုင်းရှိ ထီးမူးထချောင်းတွင် ကရင်နယ်ခြားစောင့်တပ် (BGF) က...
July 6, 2026
ကရင့်ပညာရေးကဏ္ဍမှ ကျောင်းဆရာ၊ ဆရာမများကို ကူညီထောက်ပံ့နိုင်ရန် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (...
July 6, 2026
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့...
July 4, 2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရှေးဟောင်းမြို့ရိုးနှင့် ကျုံးများ ပြန်လည်တူးဖော်သည့်...