ချင်းပြည်မြောက်ပိုင်း၊ တွန်းဇံမြို့ပေါ်နှင့် တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူထောင်ချီသည် လချီကြာမြင့်စွာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသဖြင့် ဆေးဝါးနှင့် အခြေခံစားနပ်ရိက္ခာ အပါအဝင် လူသားစာနာမှု အကူအညီများ အရေးပေါ်လိုအပ်လျက်ရှိသည်။
မေလမှစတင်၍ တွန်းဇံမြို့ပေါ်နှင့် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများ၊ တွန်းဇံမြို့အရှေ့ဘက်ရှိ ကလေး၊ တမူးနှင့် ခမ်းပတ်မြို့နယ်ကြားမှ ကျေးရွာများရှိ ဒေသခံပြည်သူများသည် နေရပ်စွန့်ခွာနေရပြီး ခက်ခဲကျပ်တည်းမှုများစွာ ကြုံတွေ့နေရကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
“တွန်းဇံမြို့ပေါ်နဲ့ တွန်းဇံမြို့အနီးတဝိုက်က ကျေးရွာတွေက စစ်ဘေးရှောင်နေရတယ်။ အဲဒါတွေက အခုချိန်မှာ တော်တော်လေးကို အခက်အခဲကြုံနေရတယ်။ ပြည်သူလူထုတွေက တွန်းဇံမြို့နယ်မှာ စစ်ဘေးရှောင်နေရတဲ့ အတွက် စားဝတ်နေရေး၊ အမိုးအကာ၊ ဆေးဝါးတွေ အများကြီး လိုအပ်တဲ့အတွက်ကြောင့်မို့ ကူညီဖို့ တင်ပြချင် ပါတယ်” ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
တွန်းဇံမြို့ပေါ်နှင့် နတ်ဇန်၊ လုံတပ်၊ ခမ်ဇန်ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၃၀ ခန့်မှ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရခြင်း ဖြစ်ပြီး၊ လတ်တလောစာရင်းများ အရ စစ်ဘေးရှောင် ပြည်သူ ၁,၇၀၀ ကျော်ရှိကာ ယခုစာရင်းထက် ပိုမိုများပြားနိုင်ကြောင်း ဒေသခံများက ခန့်မှန်းကြသည်။
တွန်းဇံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများသည် လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်းထံမှ အကူ အညီများ မရရှိကြသေးသဖြင့် နှလုံး၊ ပန်းနာရင်ကျပ်နှင့် အစာအိမ်စသည့် နာတာရှည်ရောဂါများအပြင် တုပ်ကွေး ကဲ့သို့ ရာသီပေါ်ရောဂါများ ဖြစ်ပွားနေသူများအတွက် ဆေးဝါးအကူအညီများ အထူးလိုအပ်နေခြင်း ဖြစ်သည်။

တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက “စစ်ဘေးရှောင်တွေဟာ တော်တော်လေး ခက်ခဲနေ တယ်။ တိုက်ပွဲဖြစ်ပြီဆိုရင် စစ်ဘေးရှောင်ရတာကတော့ အမြဲတမ်းရှိတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် စစ်ဘေး ရှောင်ရတာက ခဏရှောင်ပြီး ပြန်ဝင်နိုင်တာမျိုး မဟုတ်တော့ဘူး။ အဓိက တွန်းဇံမြို့နယ်တစ်ဝိုက်မှာရှိတဲ့ စစ်ဘေးရှောင်တွေဆိုရင် တောထဲတောင်ထဲမှာ စစ်ဘေးရှောင် ရတဲ့သူ ရှိသလို၊ ကလေးမြို့ဘက်မှာ ရှောင်တဲ့ လူလည်း ရှိတယ်။ ဒါပေမဲ့ ဘယ်နေရာပဲရောက်ရောက် သူတို့က အကုန်လုံး အခက်အခဲတွေ ရှိကြတာပဲ” ဟု ပြောသည်။
ထို့ပြင် တောတောင်ထဲတွင် စစ်ဘေးရှောင်နေရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာလည်း မိုးကာတဲများဖြင့်သာ ဖြစ်သလို နေထိုင်နေရသည့် အခြေအနေရှိသည်။
၎င်းက ဆက်လက်၍ “အဓိက အခက်အခဲဆုံးကတော့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေး သူငယ်တွေ ဖြစ်တယ်။ တောတောင်ထဲမှာ ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကတော့ ကျန်းမာရေး၊ စားဝတ်နေ ရေးတွေ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ ကျနော်တို့ သိရသလောက်က သူတို့လည်း ခဏတောင် ပြန်နိုင်တဲ့ အခြေအနေ မရှိတဲ့အတွက်ကြောင့်မို့ မြန်မာဘက်ကပဲဖြစ်ဖြစ်၊ နိုင်ငံခြားကပဲဖြစ်ဖြစ် တွန်းဇံမြို့နယ် က စစ်ဘေးရှောင်တွေကို တစ်ချက်လောက် ငဲ့ကြည့်ပြီး ကူညီပေးကြပါ” ဟု မေတ္တာရပ်ခံထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလက တွန်းဇံမြို့အခြေစိုက် CDF-တွန်းဇံနှင့် ချင်းပူးပေါင်းတပ်တို့သည် တွန်းဇံမြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို ၂ နှစ်နီးပါးကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
သို့သော်လည်း ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် စစ်တပ်နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် မေလ ၁၉ ရက်တွင် တွန်းဇံမြို့ကို ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်နှင့် ZRA-EC ပူးပေါင်းတပ်တို့ တွန်းဇံမြို့ကို ပြန်လည်သိမ်းယူပြီး နှစ်ပတ်ခန့်အကြာ မေလ ၃၁ ရက်တွင် ဒေသခံများအနေဖြင့် မိမိတို့၏နေအိမ်၌ ဘေးကင်းစွာ ပြန်လည်နေထိုင်နိုင်ပြီ ဖြစ်ကြောင်း ZPCC/ ZRA-EC ဘက်က ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း လက်တွေ့တွင် တွန်းဇံမြို့နှင့် ကျေးရွာများသို့ ဒေသခံပြည်သူ အနည်းငယ်သာ ပြန်လည် ဝင် ရောက်နိုင်ခဲ့ပြီး၊ CDM လုပ်ထားသည့် ဝန်ထမ်းမိသားစုများ၊ CDF ကို ထောက်ပံ့ကူညီသူများနှင့် ZRA တပ်ဖွဲ့ နှင့် မသင့်မြတ်သော ဒေသခံပြည်သူများသည် စစ်တပ်နှင့် ZRA-EC တို့၏ ရန်ပြုမည့်အန္တရာယ်ကြောင့် နေရပ်မပြန်ရဲ ဘဲ ဆက်လက်စစ်ဘေးရှောင်နေကြရဆဲ ဖြစ်သည်။







