ဘူးသီးတောင် ဝါးနက်ရုံရွာ ဗုံးကြဲခံရမှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ဘူးသီးတောင် ဝါးနက်ရုံရွာ ဗုံးကြဲခံရမှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က ယမန်နေ့ (ဇူလိုင် ၃ ရက်) မွန်းတည့် ၁၂ နာရီခန့်တွင် ဂျက်ဖိုက်တာ ၃ စီး၊ Y-12 လေယာဉ် ၁ စီးတို့ဖြင့် အုပ်စု လိုက် ဗုံးအလုံးရေ ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံးပြီး ကလေး ၂ ဦးအပါအဝင် ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ သည်။

ဘူးသီးတောင်ဒေသခံတစ်ဦးက “မနေ့က ဗုံးကြဲခံရမှုမှာ ၁ ဦးသေပြီး ၅ ဦးထက်မနည်း ဒဏ်ရာရသွားတယ်။ အဲဒီအထဲမှာ ဒဏ်ရာပြင်းထန်တဲ့ သူတွေရှိနေတယ်လို့လည်း ကြားထားရပါတယ်။ နောက်ထပ်ဘာဖြစ်လာမလဲ တော့ မသိရသေးဘူး” ဟု ပြောသည်။

သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ် တရဂူကျေးရွာမှ အသက် ၆၄ နှစ်အရွယ် ဒေါ်ယော်သာမေ ဖြစ်သည်။

ထို့ပြင် ဒဏ်ရာရရှိသူများမှာ တရဂူကျေးရွာမှ အသက် ၃ နှစ်အရွယ် မောင်နေဇော်လင်းနှင့် မောင်အောင်အောင် နိုင်၊ အသက် ၁၈ နှစ်အရွယ် မစန္ဒာမေ၊ အသက် ၂၃ နှစ်အရွယ် ကိုမောင်လှကျော်တို့အပြင် ဘူးသီးတောင်မြို့နယ် ဆင်ဖြူတောင်ကျေးရွာမှ အသက် ၄၆ နှစ်အရွယ် ဦးကျော်သာတို့ ဖြစ်ကြသည်။

၎င်းတို့အနက် မောင်နေဇော်လင်း၊ မောင်အောင်အောင်နိုင်၊ မစန္ဒာမေ၊ ကိုမောင်လှကျော်နှင့် ဦးကျော်သာတို့မှာ ဒဏ်ရာပြင်းထန်သဖြင့် လက်ရှိတွင် အရေးပေါ်ဆေးကုသမှု ပေးထားရသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် အာရက္ခတပ်တော်ထိန်းချုပ်ရာ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ကို ယခုရက်ပိုင်းအတွင်း စစ်တပ်က လေကြောင်းမှတစ်ဆင့် လေယာဉ်အုပ်စုလိုက်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက် နေခြင်း ဖြစ်သည်။

“အခုတလော ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို ဗုံးဆက်တိုက်ကြဲနေတယ်။ တစ်ရက်မှ မနားဘူး။ တစ်ပတ်လောက်ရှိတော့မယ်။ အရင်တုန်းက ဒီဘက်မှာ လေကြောင်းပစ်တာ သိပ်မရှိဘူး။ အခုကတော့ နေ့တိုင်း လိုလို ဖြစ်နေလို့ မြို့ပေါ်နဲ့ နယ်တွေကလူတွေ အရမ်းစိုးရိမ်နေကြတယ်။ ဈေးဆိုင်တွေဆိုရင်လည်း ဂျက်ဝဲလာ လို့ ခဏခဏ ပိတ်ရတယ်” ဟု ဘူးသီးတောင်ဒေသခံ နောက်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် စကခ (၁၉) ဌာနချုပ်အနီးရှိ ကြက်မောက်တောင် မွတ်ဆလင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် မွတ်ဆလင်ကလေးငယ် ၂ ဦးအပါအဝင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးနီးပါး ပျက်စီးခဲ့သည်။

ဇူလိုင်လ ၂ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာ နခခ (၇) စခန်းအနီးရှိ စစ်သုံ့ပန်းအကျဉ်း စခန်းကို အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့သည်။

ထို့ပြင် ဇူလိုင်လ ၁ ရက်နေ့ကလည်း မောင်တောမြို့ဝင် မုဒ်ဦး၊ ၃ မိုင်၊ နခခ (၅) စခန်းဟောင်းဝန်းကျင်တို့ကို ဗုံးအလုံးရေ ၁၀ ကျော်ဖြင့် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...