ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ ကိုဝင်းဇော်ထွန်းနှင့် မိချောင်းရေသောက်ကျေးရွာမှ ကိုဇော်လင်းတို့၏ မိသားစုဝင်များမှာ ထောင်ဝင်စာတွေ့ ခွင့်ရရန် မျှော်လင့်နေကြသည်။
ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အမှုကို အကျိုးဆောင်ကူညီပေးခဲ့သူများနှင့် ဘန်ကောက်မြို့ မြန်မာသံရုံးတို့ က ယခုဇွန်လ နောက်ဆုံးပတ်တွင် ထောင်ဝင်စာတွေ့နိုင်ရန် စီစဉ်နေကြခြင်းဖြစ်ပြီး မိသားစုဝင်များကလည်း တွေ့ခွင့်ရရန် မျှော်လင့်နေကြခြင်းဖြစ်သည်။
ကိုဝင်းဇော်ထွန်း၏ အစ်ကိုဖြစ်သူ ကိုရဲဇော်ထွန်းက “ အမေက သူ့သားနဲ့ တွေ့ချင်နေပါတယ်။ အရင်ကတည်းက တွေ့ချင်နေခဲ့တာပါ။ ငွေကြေးအဆင်မပြေမှုနဲ့ ကျန်းမာရေး မကောင်းတာတွေကြောင့် သွားမတွေ့နိုင်ခဲ့တာပါ။ ကူညီပေးမယ့်သူတွေ ရှိရင်တော့ ဆက်သွယ်ပေးစေချင်ပါတယ် ” ဟု ပြောသည်။
သို့သော်လည်း ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲဖြစ်နေမှုနှင့်အတူ နှစ်ဘက်စလုံးက ခရီးသွားလာမှုကို ကန့်သတ်ပိတ်ဆို့ထားသဖြင့် အာဏာပိုင်တို့၏ ခွင့်ပြုချက်ရရှိရန်နှင့် လမ်းခရီးလုံခြုံရေးအပေါ် စိန်ခေါ်မှုများ ရှိနေသည်။
လက်ရှိတွင် ဝင်းနှင့်ဇော်တို့၏ မိသားစုဝင်များနှင့် တွေ့ဆုံရန် ကြိုးစားနေပြီး အကူအညီပေးရန် လုပ်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ ဒါရိုက်တာ ဦးထူးချစ်က DMG ကို ပြောသည်။
“ ဝင်းဇော်ထွန်းရဲ့ အမေနဲ့ ဒီမနက်ပဲ ဖုန်းပြောလို့ ရလိုက်တယ်။ ဇော်လင်းအမေနဲ့တော့ မရသေးဘူး။ လောလောဆယ်တော့ သူတို့ (ဝင်းနှင့်ဇော် မိခင်နှစ်ဦး) ရဲ့ သားသမီးတွေကို ပြောချင်တဲ့ စကားလေးတွေကို ဗီဒီယို ရုပ်ကပ်လေးတွေနဲ့ မြေပြင်က ကူညီပေးနိုင်တဲ့လူတွေ ပေးပို့ထားနိုင်ရင်တော့ ကောင်းတယ်” ဟု ဦးထူးချစ်က ပြောသည်။
လက်ရှိတွင် ကိုဝင်းဇော်ထွန်း၏ မိခင်မှာ ကာပီချောင်းကျေးရွာတွင် ရှိနေပြီး၊ ကိုဇော်လင်း၏ မိခင်ကျေးရွာ ဖြစ်သော မိချောင်းရေသောက်ရွာသားများမှာ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
“ ကိုဇော်လင်းရဲ့ မိသားစုနေတဲ့ ရွာက အခု တစ်ရွာလုံး စစ်ဘေးရှောင်နေရပါတယ်။ ရွာမှာ ရှိတုန်းကတော့ သူ့သားကို တွေ့ချင်တဲ့အကြောင်း မကြာခဏ ကြားရတယ်။ တကယ်လို့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် လုပ်ချင်တယ်ဆိုရင် ကျနော်တို့ အတတ်နိုင်ဆုံး ကူညီပေးလို့ ရပါတယ် ” ဟု ကိုဇော်လင်း ၏ မိသားစုဝင်များနှင့် ရင်းနှီးသူ အမျိုးသားတစ်ဦးက ပြောသည်။
ဝင်းနှင့်ဇော်တို့နှစ်ဦးသည် ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ၊ စူရဌာနီခရိုင်၊ လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသားစုံတွဲနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ လူသတ်မှု၊ မုဒိမ်းမှု စသည်တို့ကို ကျူးလွန်ခဲ့သည်ဟုဆိုကာ အမှု ၇ ခုဖြင့် စူရဌာနီ၊ ကော့စမွီ၊ တရားရုံးက ၂၀၁၅ ခုနှစ်တွင် သေဒဏ်ချမှတ်ခဲ့သည်။
ယင်းသို့ သေဒဏ်ချခံရမှုအပေါ် ရှေ့နေများက ခရိုင်တရားရုံးနှင့် ဗဟိုတရားရုံးတို့တွင် အယူခံအဆင့်ဆင့် တက်ခဲ့ကြသော်လည်း အယူခံ ရှုံးနိမ့်ခဲ့သည်။
သို့သော် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်တွင် ထိုင်းဘုရင်၏ လွတ်ငြိမ်းခွင့်ဖြင့် သေဒဏ်မှတစ်ဆင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ လျှော့ပေါ့သတ်မှတ်ခဲ့ပြီး လက်ရှိ ဝင်းနှင့်ဇော်မှာ ထိုင်းနိုင်ငံတွင် အကျဉ်းကျ ခံလျက်ရှိသည်။
ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ မိသားစုဝင်များမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က နောက်ဆုံးအကြိမ် ထောင်ဝင်စာ တွေ့ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်း ၎င်းတို့၏ မိခင်နှစ်ဦးစလုံးမှာ ကျန်းမာရေးအခြေအနေနှင့် ငွေကြေး အဆင်မပြေမှုတို့ကြောင့် သွားရောက်တွေ့ဆုံနိုင်ခြင်း မရှိတော့ခြင်းဖြစ်သည်။
ဓာတ်ပုံ- Htoo Chit (Facebook)







