ရခိုင် လူငယ် ၅၅ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်နေ

ရခိုင် လူငယ် ၅၅ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်နေ
ဓာတ်ပုံ - DMG
ဓာတ်ပုံ - DMG

လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO) ၏ Livelihood Need Assessment Report အမည်ရှိ စစ်တမ်းက ဖော်ပြသည်။

ဇွန် ၂၂ ရက်က ထုတ်ပြန်သည့် အဆိုပါ စစ်တမ်းတွင် YLO အနေဖြင့် ရခိုင်ပြည်အတွင်းရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်များရှိ ကျေးရွာအုပ်စု ၅ ခုမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် လူငယ် ၅၇ ဦးကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

စစ်တမ်းပါ အချက်အလက်များအရ ရခိုင်ပြည်အတွင်းရှိ လူငယ်များ၏ ၅၅ ရာခိုင်နှုန်းမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ လိုအပ်သော ကျွမ်းကျင်မှု မရှိခြင်းနှင့် ကိုယ်ပိုင်လုပ်ငန်း စတင်ရန် ငွေကြေး အရင်းအနှီးမရှိခြင်းစသည့် အချက်များကြောင့်ဖြစ်သည်ဟု သိရသည်။

အလုပ်အကိုင်ရှိသည့် လူငယ်များ၏ ၄၀ ရာခိုင်နှုန်းမှာလည်း လစဉ်ဝင်ငွေ ၁ သိန်းကျပ်အောက်သာ ရရှိပြီး ကျန် ၆၀ ရာခိုင်နှုန်းမှာ ပညာအရည်အချင်းနှင့် လက်ရှိ အလုပ်အကိုင်များမှာ မကိုက်ညီကြောင်း စစ်တမ်းက ဖော်ပြသည်။

ယင်းကြောင့် ရခိုင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု၊ ဘာသာ စကားနှင့် လုပ်ငန်းစတင်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ လိုအပ်နေပြီး အဆိုပါ သင်တန်းများ တက်ရောက်နိုင်ရန် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ရခြင်းနှင့် သင်တန်းကြေး မတတ်နိုင်ခြင်း၊ သတင်းအချက် အလက်လက်လှမ်းမမီခြင်းတို့မှာ အတားအဆီးဖြစ်နေကြောင်း ဆိုသည်။

လက်ရှိ ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုနှင့်အတူ လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ သတင်းအချက်အလက်များအား လက်လှမ်းမမီနိုင်ဖြစ်နေကြောင်း ဆိုသည်။

ယင်းကဲ့သို့ သတင်းအချက်အလက် လက်လှမ်းမမီမှုကို ဖြေရှင်းနိုင်ရန်အတွက် ကျေးရွာအုပ်စုများတွင် လူငယ်အလုပ်အကိုင် သတင်းအချက်အလက်စင်တာ တည်ထောင်ပေးရန်လိုအပ်ကြောင်း YLO က အကြံပြုသည်။

ယင်းစင်တာများတွင် လူငယ်များအတွက် အလုပ်အကိုင် ကြေညာချက်ထုတ်ပြန်ခြင်း၊ CV ရေးသားနည်းနှင့် အလုပ်တွေ့ဆုံမေးမြန်းခြင်းအတွက် ကြိုတင်ပြင်ဆင်နည်းသင်တန်းများ၊ အလုပ်သင်အစီအစဉ် အခွင့်အလမ်းများ ချိတ်ဆက်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းလမ်းညွှန်မှု စသည့် ဝန်ဆောင်မှုများ ထည့်သွင်းသင့်ကြောင်း ဆိုထားသည်။

ကိုယ်ပိုင်လုပ်ငန်းစတင်လိုသည့် လူငယ်များအတွက်လည်း အသေးစားထောက်ပံ့ငွေ (သို့မဟုတ်) အတိုးနှုန်း သက်သာသည့် ချေးငွေအစီအစဉ် ပြုလုပ်ပေးရန် လိုအပ်ကြောင်း အကြံပြုထားသည်။

ယင်းလူငယ်များအတွက် ငွေကြေးအကူအညီအပြင် လုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဌာရေးဆိုင်ရာ တတ်မြောက်မှု သင်တန်းများ၊ လုပ်ငန်းသုံးပစ္စည်းကိရိယာများကို အရစ်ကျ သို့မဟုတ် ငှားရမ်းအသုံးပြုခွင့်၊ ဒေသဈေးကွက်၊ အွန်လိုင်းရောင်းချရေးပလက်ဖောင်းများနှင့်ချိတ်ဆက်ပေးခြင်း စသည်တို့ကိုပါ ပံ့ပိုးပေးရန်လိုအပ်ကြောင်း ထောက်ပြထားသည်။

ယင်းအပြင် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာပံ့ပိုးမှု မရှိသဖြင့် မြို့နယ်အဆင့်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ NGO၊ CBO များ၊ အစိုးရဌာနများနှင့် ပုဂ္ဂလိက ကိုယ်စားလှယ်များ ပါဝင်ပြီး ရပ်ရွာအခြေပြုလူငယ်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်တစ်ရပ် ထူထောင်ရန်လည်း အကြံပြုထားသည်။

လက်ရှိ ရခိုင်ဒေသအတွင်းရှိ လူငယ်များမှာ ဆက်သွယ်ရေးဖြတ်တောက်ခံရမှု၊ စစ်ဘေးတိမ်းရှောင်ရခြင်းနှင့် မိသားစုစားဝတ်နေရေးအကျပ်အတည်းကြောင့် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုနည်းပါးလျက် ရှိနေသည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရမှု၊ လက်ရှိကြုံနေရသည့် လေကြောင်းအန္တရာယ်အပြင် မိသားစုစားဝတ်နေရေး အဆင်မပြေမှုများကြားတွင် လူငယ်များမှာ အနာဂတ်မဲ့နေရပြီး အကျပ်အတည်းများနှင့် ကြုံနေကြရကြောင်း အစီရင်ခံတွင် ဖော်ပြထားသည်။

July 14, 2026
ရေကြီးမှုဒဏ် ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် လယ်ယာနှင့် ဟင်းသီးဟင်းရွက်...
July 13, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး...
July 9, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့်...
July 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်ကို စစ်တပ်က ဂျက်တိုက်...