ရခိုင် သတင်းမီဒီယာတိုးတက်ရေး အာရက္ခမီဒီယာကောင်စီ ဖွဲ့စည်း

ရခိုင် သတင်းမီဒီယာတိုးတက်ရေး အာရက္ခမီဒီယာကောင်စီ ဖွဲ့စည်း
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG

ရခိုင်ပြည် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး၊ သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ လွတ်လပ်သော ရခိုင်သတင်းသမား ၃၃ ဦး ဦးဆောင်ကာ အာရက္ခမီဒီယာကောင်စီ (APC) ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က စပြီး ရခိုင်သတင်းသမားများ ဆွေးနွေးကာ အာရက္ခမီဒီယာကောင်စီ(APC)ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ဇွန် ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

အာရက္ခမီဒီယာကောင်စီ (APC) ကို လွပ်လပ်သောအဖွဲ့စည်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန်နှင့် ရေရှည်တည်တံ့ပြီး ခိုင်မာသည့် အဖွဲ့စည်းတစ်ခုဖြစ်စေရန် ရည်ရွယ်ကြောင်း ဆိုသည်။

APC ယာယီပြန်ကြားရေးတာဝန်ခံ မကေဇူး က “ အဓိက မျှော်လင့်ချက်ကတော့ ကောင်စီက အာရက္ခဒေသ သတင်းမီဒီယာဖွံ့ဖြိုးရေးကို မျှော်မှန်းထားပါတယ်။ လွတ်လပ်စွာ သတင်းရယူခွင့် ရေးသားထုတ်လုပ် ဖော်ပြခွင့် ဒီဟာတွေ အပေါ်မှာ အပြုသဘောနဲ့ ချည်းကပ်ဖြေရှင်းဖို မျှော်လင့်ထားပါတယ်။ ရခိုင်သတင်းနဲ့ ပတ်သက်လာရင် ပြည်တွင်း ပြည်ပ အားလုံးက စိတ်ဝင်တစား ရှိကြတယ်။ စိတ်ဝင်စားတာနဲ့ အမျှ မဟုတ်မမှန်သတင်းတွေလည်း အများကြီး ထုတ်လွှင့်ကြတာ တွေ့ရပါတယ်။ ဒါကြောင့် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖွဲ့ပြီး တတ်နိုင် သလောက် ထိန်းကျောင်းတည့်မတ် သွားနိုင်ဖို့ဖြစ်ပါတယ်။ နောက်ပြီး သတင်းသမားတစ်ဦးချင်းရဲ့ ဘေးကင်း လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးအတွက်လည်း ပံ့ပိုးနိုင်ဖို့ဖြစ်ပါတယ် ” ဟု DMG ကို ပြောသည်။

ထို့အပြင် APC အနေဖြင့် သတင်းမီဒီယာနှင့် သတင်းသမားများ၏ လွပ်လပ်စွာသတင်းရယူခွင့်၊ သတင်းလွတ်လပ်ခွင့် မြှင့်တင်ရေး၊ သတင်းသမားများ ဘေးကင်းလုံခြုံရေးနှင့် အကာကွယ်ရရှိရေး၊ မီဒီယာကျင့်ဝတ်များ ရေးဆွဲပြဌာန်း ကျင့်သုံးရေးနှင့် သတင်းစာပညာဆိုင်ရာ အရည်သွေး ကဏ္ဍစုံမြှင့်တင်ရေးများကို အဓိက တာဝန်ယူဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အာရက္ခမီဒီယာကောင်စီအနေဖြင့် အစိုးရကိုဖြစ်စေ တိုက်ခိုက်ရန် ဖွဲ့စည်းခြင်းမျိုးမဟုတ်ဘဲ သတင်းမီဒီယာ ဖွံ့ဖြိုးရေးအတွက် အလုပ်လုပ်ရန်ဖြစ်ပြီး ကောင်စီအနေဖြင့် အပြုသဘောဆောင်သည့် ဘက်ကနေ ချဉ်းကပ်သွားမည်ဖြစ်ကြောင်း မကေးဇူးက ဆိုသည်။

“ ပထမအဆင့် အနေနဲ့တော့ ကောင်စီညီလာခံကို ကျင်းပပြီး အဖွဲ့အစည်းကို အင်အားကောင်းအောင် တတ်သိ ပညာရှင်တွေကို ထပ်ပြီးဖိတ်ခေါ် ဖို့ ရှိပါတယ်။ ပြီးရင် အာရက္ခတော်လှန်ရေး အစိုးရဆီကို တရားဝင် အကြောင်းကြားစာတင်ဖို့လည်းရှိပါတယ်။ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ရခိုင်ဒေသက သတင်းသမားတွေရဲ့ ဖွံ့ဖြိုးရေးတွေ လုပ်သွားဖို့ရှိပါတယ် ” ဟု မကေဇူးက ဆိုသည်။

ထို့အပြင် သတင်းသမားများ လုံခြုံရေးအတွက် ရေတိုရေရှည် ညှိနှိုင်းဆောင်ရွက်ရမှုများကို အပြုသဘောဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး သတင်းသမားနှင့် အဖွဲ့စည်းကြားတွင် မလိုအပ်ဘဲ အထင်လွဲမှုများ မရှိအောင် ကောင်စီဖက်က တတ်နိုင်သလောက် ညှိနှိုင်းမှုများ လုပ်ဆောင်မှာဖြစ်ကြောင်း မကေဇူးက ဆက်ပြောသည်။

ယင်းအပြင် APC အနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ သတင်းမီဒီယာအဖွဲ့စည်းများ၊ ဒေသအာဏာပိုင်အဖွဲ့စည်းများ၊ မီဒီယာလုပ်ငန်းကဏ္ဍနှင့်သက်ဆိုင်သည့် နိုင်ငံတကာအသိုင်းဝိုင်းများ စသည်တို့နှင့် အပြုသဘောဆောင်သည့် ချိတ်ဆက်ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ရခိုင် မြေပြင်သတင်းထောက်များသည် စစ်တပ်၏ ပိတ်ဆို့မှုများနှင့် စစ်ပွဲဒဏ်ကြောင့် အသက်အန္တရာယ်နှင့် လုပ်ငန်းခွင်ဆိုင်ရာ အဆိုးရွားဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

ထို့ပြင် စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် မိုင်းအန္တရာယ်များအကြား မြေပြင်၌ သတင်းရယူရန် လှုပ်ရှားသွားလာရာတွင်လည်း အကာအကွယ်မဲ့စွာဖြင့် အသက်ဘေးနှင့် နီးကပ်စွာ လုပ်ကိုင်နေကြရသည်။

APC ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည် မြေပြင်သတင်းထောက် မခင်သရဖီဦး က “ စစ်ပွဲဒဏ်ကို အဓိကရင်ဆိုင်နေရတဲ့ ရခိုင်မြေပြင်မှာ သတင်းလိုက်ရတာက အမျိုးသားတွေထက် အမျိုးသမီးတွေ အတွက် ပိုပြီးစိန်ခေါ်မှုကြီးပါတယ်။ အခုလို မီဒီယာကောင်စီတစ်ခု ပေါ်ပေါက်လာတာဟာ မြေပြင်မှာ အသက်နဲ့ရင်းပြီး သတင်းစုံစမ်းနေရတဲ့ အမျိုးသမီးသတင်းထောက်တွေ တခြားသမားတွေ အတွက်လည်း အကာအကွယ်ပေးနိုင်ဖို့ အားကိုးရာတစ်ခုရလာမယ့် အဖွဲ့အစည်း တစ်ခု ဖြစ်လာဖို့လို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

အဖွဲ့ဝင်လိုသည့် ရခိုင်သတင်းသမားများအားလုံးကို ဆက်လက်ဖိတ်ခေါ်လျက်ရှိပြီး မကြာမီကာလတွင် ညီလာခံတစ်ရပ်ကျင်းပကာ ပိုမိုကျစ်လစ်ခိုင်မာသည့် အဖွဲ့စည်းဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိတွင် APC ကိုယာယီကော်မတီဝင်များဖြင့် လည်ပတ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ မှုကြမ်းနှင့် ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ ရေးဆွဲနေကာ ညီလာခံတွင် အတည်ပြုသွားမည်ဟု သိရသည်။

June 22, 2026
ရခိုင်ပြည်တွင် မြို့၊ရွာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်နေ၍ အရပ်သားသေဆုံး...
အပေါက်ဝကျေးရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
June 20, 2026
မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်၍ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေပြင်းထန်စွာ စီးဆင်းခြင်း၊...
June 20, 2026
ကားကြီး၊ ကားငယ်လေးတွေက လမ်းမပေါ်မှာ အချိန်ပြင်းပြင်းနဲ့ မောင်းနှင်သွားလာနေကြတယ်။ လမ်းမကြီးရဲ့...
June 19, 2026
ရခိုင်ပြည်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မန္တလေး-မူဆယ် ရထားလမ်းအပါဝင် တရုတ်-...