ရခိုင် ရေကြောင်းခရီးတွင် အသက်ကယ်အင်္ကျီများ ဆောင်ထားရန် လိုအပ်နေ

ရခိုင် ရေကြောင်းခရီးတွင် အသက်ကယ်အင်္ကျီများ ဆောင်ထားရန် လိုအပ်နေ
ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung (Facebook)
ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung (Facebook)

ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း မြစ်ချောင်းပေါများသည့် ဒေသဖြစ်ပြီး ခရီးသွားလာရေးတွင် ရေလမ်းကြောင်းသည် မရှိမဖြစ် အရေးပါသည်။

ထို့အတူ ရခိုင်ပြည်တွင် မကြာခဏ ရေယာဉ်/ စက်လှေ နစ်မြုပ်မှုများကြောင့် အသက်သေဆုံးမှုများ ရှိနေသဖြင့် အသက်ကယ်အင်္ကျီ (Life Jacket) များ ယူဆောင်ပြီး ခရီးသွားကြရန် အာဏာပိုင်များ၏ ကြီးကြပ်မှုလည်း လိုအပ်လာနေသည်။

ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာကနေ ခရီးသည် တင်ဆောင်ပြီး ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီးသည် ပုဏ္ဏားကျွန်းမြို့အနီး ကင်းချောင်းတွင် မတော်တဆ တိမ်းမှောက်ခဲ့ပြီး အမျိုးသမီး ၅ ဦး အပါအဝင် ၁၁ ဦး ရေနစ်မြုပ် သေဆုံးခဲ့ရသည်။

အဆိုပါ စက်လှေတွင် လိုက်ပါလာသူ ခရီးသည်များမှာ အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားခြင်း မရှိသောကြောင့် ယခုကဲ့သို့ အစုအပြုံလိုက် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ဆိုသည်။

ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုပြည့်ဖြိုးနိုင်က “ Life jacket (အသက်ကယ်အင်္ကျီ) တွေက ရေကြောင်းခရီးစဉ်တွေမှာ အသက်ကယ်ပေးနိုင်တယ်။ အရည်အသွေး ပြည့်မီတဲ့ Life jacket တွေဆိုရင် ရေထဲမှာ မျောပြီး အနည်းဆုံး ၂ ရက်၊ ၃ ရက်လောက်တော့ ခံနိုင်ရည်ရှိတယ်။ ULA/ AA အနေနဲ့တော့ ကုန်းလမ်းခရီးမှာ ဆိုင်ကယ်ဦးထုပ် မပါသူတွေကို ဖမ်းသလို ရေလမ်းခရီးကိုလည်း တင်းတင်းကျပ်ကျပ် စိစစ်ပေးသင့်တယ်လို့ မြင်မိတယ် ” ဟု ပြောသည်။

ယင်းအပြင် ရေကြောင်းနှင့် ရေယာဉ်များဆိုင်ရာ ဥပဒေအရ ခရီးသည်တင် ရေယာဉ်/စက်လှေများသည် လိုက်ပါမည့်သူ အားလုံးအတွက် အသက်ကယ်အင်္ကျီနှင့် အသက်ကယ်ပစ္စည်းများကို မဖြစ်မနေ ဆောင်ထားရမည်ဟု ပြဋ္ဌာန်းထားသည်။

အကယ်၍ အသက်ကယ်ပစ္စည်းများ ပြည့်စုံစွာ ဆောင်ထားခြင်း မရှိပါက သို့မဟုတ် ခရီးသည်များကို ဝတ်ဆင်ခိုင်းရန် ပျက်ကွက်ပါက ဥပဒေအရ ရေယာဉ်လိုင်စင် ပိတ်သိမ်းခြင်းနှင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်များဖြင့်လည်း အရေးယူနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ဒေသ အနှံ့အပြားကို ထိန်းချုပ်ထားသည့် ULA/AA အနေဖြင့် ဒေသတွင်း ရေကြောင်း ခရီးသွားလာရေး ဘေးကင်းလုံခြုံရေးအတွက် အသက်ကယ်အင်္ကျီများ ပါ၊ မပါ စစ်ဆေးမှုအပါအဝင် ရေယာဉ်များ ကိုယ်ထည်ကြံ့ခိုင်မှုနှင့် ဝန်ပိုတင်ဆောင်ခြင်းများကိုပါ စစ်ဆေးရန် လိုအပ်နေခြင်းဖြစ်သည်။

“ တစ်ခါတစ်လေမှာ စက်လှေတွေဟာ ဝန်အပိုတွေနဲ့ လူတွေအများကြီး တင်ဆောင်ပြီး မောင်းနှင်ကြတယ်။ အဲဒီအချိန်မှာ မတော်တဆမှုတွေ ဖြစ်ပြီး ဆုံးရှုံးမှုတွေ အများကြီး တွေ့ရတယ်။ ဒါတွေကို ကာကွယ်ဖို့အတွက် စက်လှေပိုင်ရှင်တွေအနေနဲ့ ဝန်တွေ၊ လူတွေကို ဂရုစိုက်ပြီး တင်ဆောင်ဖို့ လိုပါတယ်” ကျောက်တော်ဒေသခံ ကိုဇေယျာကျော်က ပြောသည်။

ယခု မိုးဦးကာလသည် လေကြမ်းတိုက်ခိုက်မှုနှင့်အတူ ပြင်းထန်သော လှိုင်းဒဏ်ဖြစ်ပေါ်တတ်သဖြင့် ULA/AA အနေဖြင့် ၎င်းတို့ထိန်းချုပ်ရာ ဒေသများတွင် ရေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍ ပြည်သူများကို ကြီးကြပ်ပေးရန် လိုအပ်လာနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေ ၁၂ ရက်ကလည်း မင်းပြားမြို့နယ်၊ ဘောလုံးပွဲကစားပြီး ပြန်လာသော မွတ်ဆလင်ရွာသားများ လိုက်ပါလာသည့် စက်လှေတစ်စီးသည် လေးမြို့မြစ်အတွင်း နစ်မြုပ်ခဲ့ရာ (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် (၉) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကမ်းရိုးတန်းဖြစ်သော ရခိုင်ဒေသသည် မြစ်၊ ချောင်းများ ပေါများပြီး ရေကြောင်းခရီးသွားလာမှုတွင် ကျယ်သော်လည်း အသက်အန္တရာယ်လုံခြုံရေးနှင့် ပတ်သက်၍ ပေါ့ဆကြသဖြင့် မလိုလားအပ်သည့် အသက်ဆုံးရှုံးမှုများ နှစ်စဉ် ကြုံတွေ့နေရသည်။

(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...
DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...