ရခိုင်တွင် လူနာ ၃ဝ ကျော်အထိ သွေးလွန်တုတ်ကွေးဖြစ်နေ

ရခိုင်တွင် လူနာ ၃ဝ ကျော်အထိ သွေးလွန်တုတ်ကွေးဖြစ်နေ

မောင်စာဂ — ရခိုင်ပြည်ရှိ မြို့နယ်အချို့တွင် လူနာ ၃ဝ ကျော်အထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်နေ၍ သတိထားကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇွန်လ ၁ဝ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ပြုလုပ်နေသည့်ကြားမှ ရခိုင်ရှိ မြို့နယ်အချို့တွင် လူနာ ၃၃ ဦးအထိ အဆိုပါရောဂါဖြစ်ပွားမှုကြောင့် ဆေးဝါးကုသမှုခံယူနေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရောဂါကာကွယ်ရေးလုပ်ငန်းများကို ပြုလုပ်နေသည့်ကြားမှ ဧပြီလ (၂၈) ရက်နေ့တွင် အာရက္ခပြည်၌ ပထမဆုံးဆေးရုံတက်ကုသရသောသွေးလွန် တုတ်ကွေးလူနာကိုစတင်တွေ့ရှိခဲ့ပြီး သွေးလွန်တုတ်ကွေးရောဂါသည် တစတစနှင့်ဖြစ်ပွားလျက်ရှိရာ ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် ယနေ့အထိ ဆေးရုံတက်ကုသရသော လူနာစုစုပေါင်း (၃၃)ဦးအထိ ရှိလာခဲ့ပါသည်။”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မည်သည့်အတွက်ကြောင့်ဖျားဖျား၊ နားလည်တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများနှင့်ပြသပြီး နှာခေါင်းသွေးယိုခြင်း၊ အစားအသောက်မဝင်ဘဲ ဆက်တိုက်အန်ခြင်း၊ အညိုအမဲအဖတ်များ အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ သွားဖုံးသွေးယိုခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အဖျားကျလျှင်လည်း ခြေဖျားလက်ဖျား အေးစက်နေခြင်း အစရှိသော လက္ခဏာများတွေ့ပါက အချိန်မီ ဆေးရုံတက်ရောက်ကုသရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ရောဂါ ဖြစ်လေ့ဖြစ်ထရှိသော မိုးရာသီမကျရောက်မီကပင် ခြင်လောက်လန်းသတ်ဆေး(Abate)များ၊ ခြင်သတ်ဆေး (Malathion)များ၊ ကုသရေးအတွက်လိုအပ်သော စက်ပစ္စည်းနှင့် ဆေးဝါးများကို ကြိုတင်စုဆောင်းထားရှိခဲ့သည်ဟု ဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ ဒုတိယပတ်မှစပြီး သွေးလွန်တုတ်ကွေးကြိုတင်ကာကွယ်တားဆီးရေးအတွက် ဌာနဆိုင်ရာပေါင်းစုံ ပါဝင်သည့် မြို့နယ်၊ တိုက်နယ်အဆင့်ဆင့် အသိပေးဆွေးနွေးညှိနှိုင်းခြင်း လုပ်ငန်းများကို ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ရောဂါကြိုတင် ကာကွယ်တားဆီးရေးလုပ်ငန်းများဖြစ်သည့် ရောဂါအကြောင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဗီနိုင်းများစိုက်ထူခြင်း၊ တအိမ်ဝင်တအိမ်ထွက် “ဖုံး၊ သွန်၊ လဲ၊ စစ်” လုပ်ငန်းများကို သရုပ်ပြ ပြုလုပ်ခြင်း၊ Abate ခြင်လောက်လန်းသတ်ဆေးခတ်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် ရောဂါကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ၊ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ၊ ကုသရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို မိမိတို့တွင်ရှိသော ကျန်းမာရေးဝန်ထမ်း၊ စက်ကိရိယာများဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးကဏ္ဍအောင်မြင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု၊ ချမှတ်ထား‌သောစည်းကမ်းများကို တိတိကျကျလိုက်နာဆောင်ရွက်မှု၊ မိမိတို့နေထိုင်သည့် အိမ်နှင့်ပတ်ဝန်းကျင်တွင် ခြင်မပေါက်ပွားနိုင်အောင် သတိထားနေထိုင်ကြရန်လည်း အထူးလိုအပ်သည်ဟု သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင်း သွေးလွန်တုတ်ကွေးဖြစ်ပွားသူ (၂,၄၅၂) ဦးရှိခဲ့ပြီး သေဆုံးသူ ရှစ်ဦးရှိခဲ့သည်ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏စာရင်းအရ သိရသည်။

ပြီးခဲ့သည့်နှစ်တွင် မြောက်ဦးမြို့နယ်သည် အဖြစ်အများဆုံးမြို့နယ်ဖြစ်ခဲ့ပြီး ဖြစ်ပွားခဲ့သူ ၉၄၆ ဦးရှိခဲ့သည်ဟု သိရသည်။

မင်းပြားမြို့နယ်တွင် ၇၀၄ ဦးဖြစ်ပွားခဲ့ပြီး ဒုတိယအဖြစ်အများဆုံးမြို့နယ်ဖြစ်ခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - အာရက္ခပြည်သူ့ကျန်းမာရေးဌာန

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...