ကလေး - တမူး လမ်းပိုင်း၌ တိုက်ပွဲများဖြစ်ပွား

ကလေး - တမူး လမ်းပိုင်း၌ တိုက်ပွဲများဖြစ်ပွား

ပါခွီး — စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ရှိ လက်နက်ကိုင်များ ရှင်းလင်းရေးနှင့် လုံခြုံရေးကိစ္စ ပြောဆိုပြီးနောက်ဆက်တွဲအဖြစ် ကလေး - တမူးမြို့နယ် လမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

အိန္ဒိယနိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့သည့် မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် ခရီးစဉ်အတွင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် တွေ့ဆုံဆွေးနွေးချက်များနှင့် ပတ်သက်၍ ဒေသခံ DD News ၏ မေးမြန်းချက်ကို စစ်ခေါင်းဆောင်က ဖြေကြားစဉ် နယ်စပ်လုံခြုံရေးကိစ္စများ ရှင်းလင်းမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နယ်စပ်နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ကလေးနဲ့ တမူးမြို့ ဆက်သွယ်လမ်းကြောင်းကို ဖွင့်နိုင်ဖို့အတွက် အမြန်ဆုံး ကြိုးစားနေပါတယ်၊ အဓိက ကတော့ အိန္ဒိယ - မြန်မာနယ်စပ်ဒေသ ပုံမှန်အခြေအနေ ပြန်လည်ရရှိရေး အရေးကြီးပါတယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သတင်းဌာနကို ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံမှ လိုလားနေသည့် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်နိုင်ရေးအတွက် ယင်းလမ်းကြောင်းအား ထိန်းချုပ်ထားသည့် တော်လှန်ရေးအဖွဲ့များကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခဲ့သည်။

“ကလေး - တမူးလမ်းပိုင်းကို နှစ်ဖက်ညှပ်တဲ့ ပုံစံပေါ့။ ဒီမနက် ကလေးမြို့နယ်ဘက်မှာ စပြီး တိုက်ပွဲဖြစ်တယ်။ အပေါ်ဘက်မှာလည်း ဖြစ်နေတယ်” ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးသတင်းရင်းမြစ်တခုက မဇ္ဈိမကို ပြောသည်။

ကလေးမြို့နယ်မြောက်ပိုင်း ၅၅ မိုင်နှင့် အရှေ့ခုံသာဘက်သို့ အင်အား ၅၀၀ ကျော်ရှိသော စစ်ကြောင်းနှစ်ကြောင်းတက်လာရာ ဇွန်လ ၈ ရက် နံနက် ၁၀ နာရီခန့်တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

အလားတူ တမူးမြို့နယ်မှ ပန်းသာ၊ ရန်ငြိမ်းအောင်ရွာဘက်မှ စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးတပ်များအပြင် အိန္ဒိယနိုင်ငံကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကသည်းနှင့် နာဂလူမျိုး လက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် အင်အား ၃၀၀ ကျော်ဖြင့် ရန်လင်းဖိုင်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း တမူးမြို့နယ်အခြေစိုက် စစ်ရေးသတင်းရင်းမြစ်တခုက ပြောသည်။

“နယ်စပ်နားကနေ တောနင်းပြီး သွားတာ။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ပြီးရှင်းတာမှာ ထိတွေ့မှု ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲများအတွက် စစ်ကောင်စီတပ်သည် ကလေးမြို့လေဆိပ်သို့ လွန်ခဲ့သည့် တပတ်ကျော်မှစ၍ နေ့စဉ် လေယာဉ်ဖြင့် လူအင်အားနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ခဲ့ပြီး ကလေးမြို့ ဒေသဆိုင်ရာကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) နှင့် စခန်းကြီးကျေးရွာအနီးရှိ အမှတ် (၁၀) လေ့ကျင့်ရေးကျောင်းတို့တွင် အင်အားစုဆောင်း ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ တမူးမြို့တွင်လည်း လေကြောင်းမှတဆင့် လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့ပြီး ပန်းသာရွာတွင် စုဝေးခဲ့ပြီးနောက် ခွန်မွန်းနွန်၊ နန်မွန်တားရွာများကို ဖြတ်ကျော်ကာ ယခုကဲ့သို့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ယခုတိုက်ပွဲများ မစတင်မီ လွန်ခဲ့သည့် တပတ်ခန့်မှစ၍ အိန္ဒိယစစ်တပ်က နယ်စပ်ဒေသတွင် ကင်းလှည့်ခြင်းများ ပိုမိုပြုလုပ်လာပြီး လုံခြုံရေး တင်းကျပ်လာကြောင်း နယ်စပ်မျဉ်းအနီး နေထိုင်သူများက ပြောသည်။

တမူးမြို့နှင့် ကလေးမြို့သည် မိုင် ၁၀၀ ကျော် ကွာဝေးပြီး ယခုစစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများမှ ဒေသခံများအပြင် ခါမ်းပါတ်၊ ကနန်၊ ဝိတုတ်၊ ဘုတ်ကန် စသည့် ကျေးရွာများမှ ဒေသခံများသည် အိန္ဒိယနယ်စပ်နှင့် ကလေးမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ဓါတ်ပုံ - တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း PDF- Tamu) 

June 9, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင်...
June 8, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှု အရှိန်မြှင့်လာပြီး...
June 6, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ပူးပေါင်းထားသော တရုတ်ကုမ္ပဏီတခုက...
June 5, 2026
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာရှိ...