ခူမီးတပ်မတော်က ပလက်ဝရှိလူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

ခူမီးတပ်မတော်က ပလက်ဝရှိလူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း ကျေးရွာ ၃ ရွာက လူငယ်အမျိုးသား၊ အမျိုးသမီး ၄၀ နီးပါးကို Khumi People Front – KPF (ခူမီးတပ်မတော်)/ Khumi National Congress Party – KNCP ဟူ၍ အသစ်ဖွဲ့စည်း ထားသော ခူမီးလက်နက်ကိုင်အဖွဲ့တစ်ခုက ခေါ်ဆောင်သွားကြောင်း ပလက်ဝဒေသခံတချို့ထံမှ သိရသည်။ 

ဇွန်လ ၂ ရက် ညဉ့်နက်ချိန်တွင် ပလက်ဝမြို့နယ်၊ ဥဿလင်းချောင်းတစ်လျှောက်မှ သာယာကုန်းကျေးရွာ၊ ကျောက် ပလ္လင်ကျေးရွာ၊ ဆတလိုင်ဝကျေးရွာတို့က အသက်မပြည့်သေးသူများအပါအဝင် လူငယ်အမျိုးသား၊ အမျိုးသမီးများကို ခူမီးတပ်မတော် KPF/ KNCP က ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။ 

“၂ ရက်နေ့ သန်းခေါင်ယံမှာ အဲဒီ ရွာ ၃ ရွာကို တစ်အိမ်တက်၊ တစ်အိမ်ဆင်း ဝင်စီးတာပါ။ သူတို့ရဲ့ စစ်မှုထမ်းဖို့အတွက် ခေါ်တာပါ။ စာရင်းတွေ အကုန်ကောက်သွားတယ်။ စာရင်းကောက်သွားတဲ့ လူတွေကိုလည်း နောက်တကြိမ် ပြန်လာ ခေါ်မယ် ပြောတယ်။ သူတို့ ဖွဲ့စည်းတာကလည်း မကြာသေးဘူးဆိုတော့ ဒီလိုတပ်သားစုဆောင်းမှုက ပထမဦးဆုံး လုပ်လာတယ် ထင်တယ်။ အခု ကျန်တဲ့ ကလေးတွေကို ဘယ်မှ ထွက်ခွင့်မပေးဘူး။ သူတို့ ထွက်သွားရင် အိမ်မှာ ကျန်တဲ့ မိဘတွေကို သူတို့ ခေါ်မယ် ပြောပါတယ်။ ပြီးရင် အိမ်ထောင်ရှင်တွေက အစ၊ နာမည်စာရင်းတွေ ယူသွားတာ ရှိတယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။ 

သာယာကုန်းကျေးရွာမှ ၂၀ ဦးခန့်၊ ကျောက်ပလ္လင်ကျေးရွာမှ ၁၀ ဦးခန့်၊ ဆတ်တလိုင်ဝကျေးရွာမှ ၆ ဦးခန့်တို့ကို ခူမီးတပ်မတော် KPF/ KNCP က တပ်သားသစ်စုဆောင်းမှုအဖြစ် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး အရေအတွက် အတိအကျစာရင်းကိုမှု လတ်တလောမှာ မသိရသေးကြောင်း သိရသည်။ 

ယင်းအဖွဲ့ သည် ပလက်ဝမြို့နယ်တွင် အခြေစိုက်သော ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်ရေးအတွက် ခူမီးတပ်မတော် (KPF) ကို ဖွဲ့စည်းကာ နိုင်ငံရေးအဖွဲ့အစည်းအနေဖြင့် Khumi National Congress Party – KNCP အမည်ဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းက ဖွဲ့စည်းခြင်းဖြစ်သည်ဟု ပလက်ဝချင်းအင်အားစုတချို့ထံမှ သိရသည်။ 

KPF/ KNCP အဖွဲ့ကို ပြည်တွင်း ခူမီးအရေး လှုပ်ရှားသူများ၊ ခူမီးလက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံတကာရောက် ခူမီးအရေး တက်ကြွလှုပ်ရှားသူများ၊ တတ်သိပညာရှင်များ ပါဝင်ဖွဲ့စည်းထားကြောင်း ခူမီအင်အားစုတချို့ထံမှ သိရသည်။ 

ပလက်ဝမြို့နယ်အတွင်းက တပ်သားစုဆောင်မှုများနှင့်ပတ်သက်၍ KPF/ KNCP အဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ရန် ခိုနူမ်းသုန်အနေဖြင့် ချိတ်ဆက်နေဆဲဖြစ်ပါသည်။ 

KPF/ KNCP ချင်းကာကွယ်ရေးအဖွဲ့ကို ၂၀၂၅ ခုနှစ်အတွင်းမှာ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်သော်လည်း အများပြည်သူထံ တရားဝင်ချပြခြင်း၊ ကြေညာခြင်း မပြုရသေးကြောင်း ခူးမီအင်အားစုတချို့ထံမှ သိရသည်။ 

လက်ရှိမှာ ပလက်ဝမြို့နယ်ထဲက ပလက်ဝမြို့၊ ဆမီးမြို့အပါအဝင် နယ်မြေအများစုကို အာရက္ခတပ်တော် ULA/ AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ယင်းဒေသအတွင်း နွေဦးတော်လှန်ရေးနှင့် အတူ ပေါ်ထွက်လာသည့် CDF - ပလက်ဝ၊ CDF – Daai ချင်းကာကွယ်ရေးတပ်ဖွဲ့များလည်း တည်ရှိကြောင်း သိရသည်။ 

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...