MNDAA ရဲ့ စီမံခန့်ခွဲမှုတွေကို သျှမ်းလူငယ်ကွန်ရက် ပြင်းပြင်းထန်ထန်ရှုတ်ချ

MNDAA ရဲ့ စီမံခန့်ခွဲမှုတွေကို သျှမ်းလူငယ်ကွန်ရက် ပြင်းပြင်းထန်ထန်ရှုတ်ချ

ကိုးကန့်တပ် (MNDAA) ရဲ့ တော်လှန်ရေးကို အကြောင်းပြုပြီး ပြည်သူလူထုကို ဒုက္ခရောက်စေတဲ့ လုပ်ရပ်တွေနဲ့ စီမံခန့်ခွဲမှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ သျှမ်းလူငယ်ကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။

"ဖက်ဒရယ်စနစ်နှင့် ကိုးကန့်တပ် (MNDAA) ၏ လားရာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သျှမ်းလူငယ်ကွန်ယက် (Dai Youth Congress - DYC) ရဲ့ မေလ ၂၅ ရက်ထုတ်ပြန်ချက်မှာ အဲဒီလို ရှုတ်ချထားတာဖြစ်ပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းထဲ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ MNDAA ရဲ့ နယ်မြေ ချဲ့ထွင်တာနဲ့ အုပ်ချုပ်စီမံမှုဆိုင်ရာကိစ္စတွေမှာ လက်နက်အင်အား အလွန်အကျွန်သုံးလာတာကို ထင်ထင်ရှားရှားမြင်ရတယ်လို့ DYC က ဆိုပါတယ်။

MNDAA ဟာ နဂိုမူလ ကိုးကန့်တွေနေထိုင်တဲ့ နေရာတွေကို ကျော်လွန်ပြီး နယ်မြေချဲ့ထွင်တာကြောင့် နယ်မြေထဲမှာ လူမျိုးရေးပဋိပက္ခနဲ့ ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နယ်မြေထဲမှာ လယ်ယာမြေတွေကို အဓမ္မသိမ်းတာနဲ့ ဈေးနှိမ်တာ၊ ဖိအားပေးရောင်းချခိုင်းတာတွေ လုပ်နေသလို နိုင်ငံခြားသားတွေကို အခွင့်အရေးပေးပြီး လယ်ယာမြေတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပေးနေတာတွေကို တွေ့ရတယ်လို့လည်း DYC က ဆိုပါတယ်။

ဒါ့အပြင် သယံဇာတတွေကိုလည်း မူလပိုင်ရှင်တွေရဲ့ သဘောတူခွင့်ပြုချက်နဲ့ ညှိနှိုင်းမှုတွေမလုပ်ဘဲ အဓမ္မတူးဖော်တာ ဒါမှမဟုတ် တူးဖော်ခွင့်ပေးနေတာတွေလည်း ရှိတယ်လို့ ရေးထားပါတယ်။

ဆန္ဒပြတောင်းဆိုတဲ့ လူတွေကိုလည်း ခြိမ်းခြောက်တာ၊ ဖမ်းဆီးနှိပ်စက်တာတွေရှိသလို ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာတွေမှာလည်း ဒေသခံတွေရဲ့သဘောမပါဘဲ တဖက်သတ်စီမံတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စနစ်တကျထိန်းချုပ်မှုမရှိဘဲ လောင်းကစားဝိုင်းတွေနဲ့ KTV တွေကို အလွန်အကျွံဖွင့်ခွင့် ပြုထားသလို အဓမ္မစစ်မှုထမ်းစုဆောင်းတာတွေ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် MNDAA အနေနဲ့ အခုလိုလုပ်ရပ်တွေကို ပြန်သုံးသပ်ပြီး တရားမျှတမှုရှိတဲ့ ဒီမိုကရေစီစံနှုန်း၊ ဖက်ဒရယ်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ စီမံဆောင်ရွက်မှုတွေကိုသာ ရှေးရှုလုပ်ဆောင်ဖို့ DYC အလေးအနက် တိုက်တွန်းထားပါတယ်။

MNDAA ကတော့ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာမှာ တစုံတရာ တုံ့ပြန်ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

June 15, 2026
မြစ်ကြီးနားမြို့‌က လူငယ်အချို့ ဦးဆောင်ပြီး မြစ်ဆုံရေကာတာစီမံကိန်း အလိုမရှိကြောင်း Sticker...
June 13, 2026
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိမ်ခိုးတွေနဲ့ရစ်ပတ်နေတဲ့ ယူနန်တောင်တန်းကြီးတွေကြားမှာ...
June 12, 2026
စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မသင်တန်းပို့ခံရတဲ့ သူအရေအတွက်ဟာ ကချင်ပြည်နယ်မှာ ၄၆၉ ယောက်...
June 11, 2026
မြန်မာမှာ ကက်သလစ် သာသနာပိုင်နယ်မြေ ၁၇ ခု ရှိတဲ့အနက် နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေဟာ...