ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းအားလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ရည်မှန်းချက်တူ မဟာမိတ်တပ်ဖွဲ့များနှင့် လက်တွဲကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထန်တလန်မြို့နယ် ကောင်စီ/CDF-Thantlang က ထုတ်ပြန်ကြေညာသည်။
ဧပြီလ ၆ ရက်နေ့တွင် ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang တည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားကို ထန်တလန်မြို့နယ် တစ်နေရာတွင် အောင်မြင်စွာကျင်းပခဲ့ကြရာမှာ ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
တော်လှန်ရေးကာလ ၅ နှစ်ရှိလာချိန်တွင် စစ်ရေးအရှိန်မြှင့်တင်မှုနှင့်အတူ ပြည်သူ့အုပ်ချုပ်ရေးနှင့် နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက်တူ မဟာမိတ်အဖွဲ့အစည်းများနှင့် ခိုင်ခိုင်မာမာ ဆက်လက်လက်တွဲသွားမည်ဟု CDF-Thantlang က ဆိုသည်။
“ CDF-Thantlang ၅ နှစ်ပြည့် အခမ်းအနားကို ဒီဧပြီ ၆ ရက်နေ့က ကောင်းကောင်းမွန်မွန် ကျင်းပနိုင်ခဲ့တယ်။ ဆက် လက်ပြီး ကျွန်တော်တို့ စစ်ရေး၊ နိုင်ငံရေး အုပ်ချုပ်ရေးအောင်မြင်နိုင်ဖို့ကျတော့ ကျွန်တော်တို့ ချင်းပြည် ချင်းလဲန်း ဖယ်ဒရယ် ဒီမိုကရေစီရရှိဖို့ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်လက် ပူးပေါင်းပြီးတော့မှ ဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ပြီး ထုတ်ပြန်ထားတာပါ။” ဟု CDF-Thantlang အထွေထွေအတွင်းရေးမှူးက ပြောသည်။
ထန်တလန်မြို့နယ်အတွင်း ကျန်ရှိနေသေးသည့် စစ်ကော်မရှင်စခန်းများကို အပြီးတိုင် တိုက်ထုတ်နိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကာ စစ်ရေးပြင်ဆင်မှုများကို ယခင်ကထက် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့နောက် ချင်းလူမျိုးစုများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရန်လည်း ကြိုးပမ်းသွားမည်ဟုလည်း သိရသည်။
တော်လှန်ရေး (၅) နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်၏ လက်ချက်ကြောင့် ရဲဘော်အများအပြား၊ အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရသည့်အပြင် အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CDF-Thantlang က ဖော်ပြထားသည်။
“ကျွန်တော်တို့ CDF-Thantlang အနေနဲ့ ဒီ ၅ နှစ်တာအတွင်းမှာပေါ့နော် ရဲဘော် ၆၈ ဦး က ချင်းပြည်၊ ချင်းလဲန်းအတွက် အသက်ပေးသွားတာ ဖြစ်ပါတယ်”ဟု CDF-Thantlang အထွေထွေအတွင်းရေးမှူးက ပြောသည်။
တော်လှန်ရေးရဲဘော် ၂၅ ဦးက ကိုယ်လက် အင်္ဂါစွန့်လွှတ်ခဲ့ရပြီး ပြည်သူ အယောက် ၂၃ ယောက် သေဆုံးခဲ့ရကာ ပြည်သူ ၅၄ ဦးက ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်းလည်း သိရသည်။
CDF-Thantlang တော်လှန်ရေး (၅) နှစ်ပြည့် အခမ်းအနားတွင် တိုက်ပွဲဝင် ထူးချွန်ရဲဘော်များကို ထူးချွန်ဆု (Hruaitiamnak Award)၊ ဂုဏ်ပြုဆု (Zohchunhtlak Award) ၊ စွမ်းဆောင်ရည်ဆု (Min Thattertu Award) များနှင့် တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း တာဝန်များကို ဆက်လက်ထမ်းဆောင်နေသည့် ရဲဘော်များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေး အောင်မြင်သည်အထိ ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနေဖြင့် အသိဉာဏ်၊ ငွေကြေးနှင့် အင်အားများဖြင့် ဆက်လက်ဝန်းရံပေးကြရန် မေတ္တာရပ်ခံထားပြီး၊ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း CDF-Thantlang က ကြေညာထားသည်။







