အာဏာသိမ်း စစ်ကော်မရှင်သည် တရားဝင်မှု အပေါ်ယံလွှာကို ဖန်းတီးနိုင်ရေးအတွက် အတုအယောင် ရွေးကောက်ပွဲ များကိုသာ ကျင်းပခဲ့ခြင်းကြောင့် လက်ရှိ တက်လာသော စစ်အစိုးရသစ်သည်လည်း အတုအယောင် ရွေးကောက်ခံ စစ်အစိုးရသာဖြစ်ကြောင်း BNI က ထုတ်ပြန်သည်။
" ရွေးချယ်ခွင့်မဲ့ မဲဆန္ဒရှင်များ” ဟု အမည်ပေးထားသော မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများရှိ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ရပ်များဆန်းစစ်ခြင်း အစီရင်ခံစာကို ဧပြီလ ၆ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ရာ တွေ့ရှိချက်များထဲ Burma News International မှ တာဝန်ရှိသူများက ထည့်သွင်းပြောခြင်းဖြစ်သည်။
“၂၀၂၅ ရွေးကောက်ပွဲတွေက ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ လုံးဝ ကိုက်ညီမှု မရှိဘူးဆိုတာကို အားလုံးက သိပြီးသာဖြစ်တယ်။ စစ်အုပ်ချုပ်ရေး ပုံစံကိုပဲ နောက်ထပ် ပြောင်းလဲဖို့အတွက် ဖန်တီးထားတဲ့ လုပ်ငန်းစဉ် တစ်ခုပဲ ဖြစ်တယ်ဆိုတာကို အခိုင်အမာ ပြောချင်တယ်။ မဲပေးခွင့် ရှိတဲ့ သူ ၃၅ ရာခိုင်နှုန်းကျော်ကို စာရင်းကနေ ပယ်ဖျက်ခဲ့တာ၊ အတိုက်အခံပါတီတွေကို ဖျက်သိမ်းခဲ့တာနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကြိုတင်မဲတွေနဲ့ပဲ ဒီရွေးကောက်ပွဲကို နိုင်အောင် လုပ်ခဲ့တာတွေကြောင့် တရားဝင်မှု အပေါ်ယံလွှာကို ဖန်တီးထားတာထက် မပိုဘူးဆိုတာကို ထောက်ပြချင်ပါတယ်။ အခုတက်လာတဲ့ အစိုးရဟာလည်း အတုအယောင် ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရပဲ ဖြစ်တဲ့အတွက် သူတို့ကို အတုအယောင် အစိုးရလို့ပဲ သတ်မှတ်ရမှာ ဖြစ်တယ်။ အတုအယောင် အစိုးရလို့ပဲ တောက်လျှောက်ခေါ်သွားရမှာပါ” ဟု ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ မအားမီက ပြောသည်။
၂၀၂၅ ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလများတွင် အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပသော ရွေးကောက်ပွဲများသည် ဒီမိုကရေစီစံနှုန်းများကို ပြည့်မီခြင်း မရှိဘဲ စစ်အုပ်ချုပ်ရေး ပုံစံပြောင်းလဲ၍ စစ်အုပ်စု အာဏာတည်မြဲစေရန် ဖန်တီးထားသော လုပ်ငန်းစဉ်သာဖြစ်သည်ဟု BNI ကပြောသည်။
ဒီမိုကရေစီ စံနှုန်း၊ လူထုကိုယ်စားပြုမှုဖြစ်သည့် ရွေးကောက်ပွဲကို အသုံးချပြီး အစိုးရတစ်ရပ်ဖြစ်လာရေး ဖန်တီးမှုသည် ဒီမိုက ရေစီကို စော်ကားသည့် လုပ်ရပ်ဖြစ်ကြောင်း၊ လက်ရှိ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ပြီး ပြည်သူ လက်ခံသည့် အစိုးရ မဟုတ်ကြောင်း BNI ၏ စီမံအုပ်ချုပ်မှုဒါရိုက်တာ ဒေါ်တင်တင်ညိုက ပြောသည်။
စစ်ကော်မရှင်သည် နိုင်ငံတဝန်း မဲပေးခွင့် ရှိသူ၏ ၃၅ ရာခိုင်နှုန်းကို မဲစာရင်းမှ ပယ်ဖျက်ခဲ့ပြီး နိုင်ငံတဝန်း နယ်မြေ အမြောက်အများ တွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း၊ တိုင်းရင်းသား ဒေသ အစိတ်အပိုင်း အတော်များများမှာ မဲပေးခြင်း လုပ်ငန်းစဉ်မှ လုံးဝဖယ်ထုတ်ခံခဲ့ရပြီး လူထုအသံများ လစ်လျူရှု ခံခဲ့ရကြောင်း ဟု BNI ၏ အစီရင်ခံစာက ဆိုသည်။
“ပြည်သူလူထုရဲ့ ငြင်းပယ်မှုတွေအတွက် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ အသိအမှတ်မပြုမှုတွေက ဒီလုပ်ငန်းစဉ်ရဲ့ တရား မဝင်မှုကို အတည်ပြုပေးလိုက်တာဖြစ်တယ်။ ဒါကြောင့် ကျမတို့ တိုက်တွန်းချင်တာက နိုင်ငံတကာအနေနဲ့လည်း နိုင်ငံရေး ပုံမှန် ခြေလှမ်းလို့ အဓိပ္ပါယ် အမှားမကောက်ပဲနဲ့ မြေပြင်မှာ ရှိနေတဲ့ လူထု သဘောထား၊ ဒေသတွင်းမှာ ဖြစ်နေတဲ့ စစ်ရေးအခြေ အနေတွေကို သိပြီးတော့ ဖယ်ကျင် ခံထားရတဲ့ လူထုတွေရဲ့ အသံကို နားထောင်ပေးဖို့၊ အဲဒီအသံတွေကပဲ ဗဟိုပြုပြီးတော့ ရှေ့ဆက်ဆောင်ရွက်သင့်တာတွေကို လုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု မအားမီက ပြောသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အာဏာသိမ်းစစ်ကော်မရှင်၏ ရွေးကောက်ပွဲကို နိုင်ငံရေး ပုံမှန်ခြေလှမ်းအဖြစ် အဓိပ္ပါယ်အမှား မကောက်ယူသင့်ကြောင်း BNI က သတိပေးထားသည်။
အစီရင်ခံစာအရ စစ်ကော်မရှင်သည် ရွေးကောက်ပွဲများကို နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်မှာ အပိုင်း ၃ ပိုင်းဖြင့် ကျင်းပခဲ့ပြီး မြို့နယ် ၆၇ မြို့နယ်မှာ ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်း၊ ကျင်းပနိုင်သော မြို့နယ် ၂၆၃ မြို့နယ်တွင် ရပ်ကွက် ၂၁၆ ခုနှင့် ကျေးရွာအုပ်စု ၃၆၈၂ ခုမှာ မဲပေးခွင့် ဆုံးရှုံးထားကြောင်း သိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူ ၃၈ သန်း ရှိခဲ့ပြီး ၂၀၂၅ စစ်ကော်မရှင် ရွေးကောက်ပွဲတွင် ၂၄.၁၃ သိန်းသာ ရှိသာကြောင့် မဲဆန္ဒရှင် ၁၃ သန်းကျော် မဲပေးခွင့် ဆုံးရှုံးထားသည်ဟု သိရသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အတုအယောင် ရွေးကောက်ပွဲများ ကျင်းပပြီးနောက် လွှတ်တော်များ ခေါ်ယူနေကာ မိမိကိုယ်ကို ရွေးကောက်ခံ သမ္မတဟူ၍ သုံးနှုန်းလျက် စစ်အစိုးရသစ်ကို ဝန်ကြီးဌာန ၃၁ ခု ဖြင့် ဖွဲ့စည်းရန် ပြင်ဆင်ဆောင်ရွက်နေသည်။







