ဒေါက်တာဝုန်ဆွင်းထန်ကို စစ်အစိုးရသစ် ချင်းဝန်ကြီးချုပ်အဖြစ် ဆက်ခန့်

ဒေါက်တာဝုန်ဆွင်းထန်ကို စစ်အစိုးရသစ် ချင်းဝန်ကြီးချုပ်အဖြစ် ဆက်ခန့်

လက်ရှိ စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွင်းထန်ကိုပင် စစ်အစိုးရသစ်၏ ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမည်စာရင်း တင်သွင်းပြီး ဆက်လက်ခန့်အပ်ခဲ့သည်ဟု သိရသည်။

ဧပြီလ ၆ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အာဏာသိမ်း စစ်အုပ်စု၏ တတိယအကြိမ်၊ ချင်းပြည်နယ် လွှတ်တော်၊ ပထပုံမှန် အစည်းအဝေး တတိယနေ့ကို ကျင်းပရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါက်တာ ဝုန်ဆွင်းထန်ကို အမည်စာရင်း တင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန် မရှိ အတည်ပြုသည်ဟု သိရသည်။

ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာ ဝုန်ဆွန်းထန်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် အာဏာသိမ်း စစ်ကော်မရှင်က ခန့်အပ်ခဲ့ပြီး စစ်ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်နေခဲ့ရာ လက်ရှိ အတုအယောင် ရွေးကောက်ပွဲများ အလွန်တွင်လည်း ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခံရခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ ဝုန်ဆွန်းထန်ကို ဆက်ခန့်အပ်ရန်နှင့် ချင်းပြည် နယ်အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၇ ခုဖြင့် ဖွဲ့စည်းရန် ညွှန်ကြား အဆိုပြုခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန် မရှိသည့်အတွက် ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်က အတည်ပြုသည်ဟု သိရသည်။

ချင်းပြည်အစိုးရအဖွဲ့ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ လူမှုရေးရာ ဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စည်ပင်သာယာရေး ဝန်ကြီးဌာနတို့ဖြင့် ဖွဲ့စည်းသွားမည်ဟု သိရသည်။

၂၀၂၅ ဒီဇင်ဘာလက စစ်ကော်မရှင်က ဦးဆောင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် ဒေါက်တာ ဝုန်ဆွန်းထန်သည် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားပြုပြီး ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ မှ ယှဉ်ပြိုင်ပြီး အနိုင်ရထားသူဟု သိရသည်။

ဒေါက်တာ ဝုန်ဆွန်းထန်သည် စိတ်ရောဂါ အထူးကု ဆရာဝန်၊ အငြိမ်းစား ဒုဗိုလ်မှူးကြီး ဖြစ်ပြီး ၁၉၉၃ ခုနှစ် စစ်အစိုးရ န.ဝ.တ ခေတ်တွင် မတူပီမြို့နယ် ငြိမ်ဝပ်ပိပြားရေး ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဟု သိရသည်။

ဟားခါးမြို့နယ်အခြေစိုက် ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF ဟားခါးက ဒေါက်တာ ဝုန်ဆွန်းထန်အပါအဝင် စစ်တပ်နှင့် ပေါင်း၍ ပြည် သူလူထုအကျိုးကို ခြစားဖျက်စီးနေသော အသင်းအဖွဲ့နှင့် လူပုဂ္ဂိုလ်များကို ၂၀၂၆ ဇန်နဝါရီလ ၁၅ ရက်က အမည်ပျက်စာရင်း ကြေညာထားပြီး အထူးပစ်မှတ်ထားကာ တိုက်ခိုက်အရေးယူမည်ဟု ထုတ်ပြန်ခဲ့သည်။

ဒေါက်တာ ဝုန်ဆွန်းထန် နှင့် ဌာနဝန်ထမ်းများသည် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ စာရွက်စာတမ်းနှင့် ဓါတ်ပုံအတုအယောင် များ ဖန်တီးကာ ၅ နှစ်ခန့်အတွင်း ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၈၃, ၆၈၈ ကျော်ကို ခိုးယူထားသည်ဟု CDF - ဟားခါးက စာရင်းနှင့်တကွ ထုတ်ပြန်သည်။

April 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား (၅) ဦး သည် ဧပြီလ (၃)ရက်နေ့က...
April 4, 2026
စစ်တပ်လွှတ်တော်မှတစ်ဆင့် သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို...
April 3, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်ဒေသ)တွင် အခြေ စိုက် လှုပ်ရှားနေသော...
April 2, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ...