ကျောက်နီမော်က မွတ်ဆလင် ၂၀ ဦးထက်မနည်း စစ်ကောင်စီထံ ဖမ်းဆီးခံထားရ

ကျောက်နီမော်က မွတ်ဆလင် ၂၀ ဦးထက်မနည်း စစ်ကောင်စီထံ ဖမ်းဆီးခံထားရ
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။

အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀ ထက်မနည်းမှာ စစ်ကောင်စီထံ ဖမ်းဆီးခံထားရပြီး အဆက်အသွယ်မရရှိသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဖမ်းဆီးခံရမှုဖြစ်စဉ်များမှာ ရမ်းဗြဲ-မာန်အောင် ရေလက်ကြားတွင် ငါးဖမ်းလုပ်ကိုင်သူများနှင့် ကုန်ပစ္စည်း ပို့ဆောင်သူများဖြစ်ကြပြီး ရမ်းဗြဲ၊ တောင်ကုတ်၊ မာန်အောင်နှင့် သံတွဲ ရေလက်ကြားများကို ဖြတ်သန်းစဉ် စစ်ကောင်စီ စစ်သင်္ဘောများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံထားရသူများနှင့် မိသားစုဝင်များမှာ ယနေ့အချိန်ထိ အဆက်သွယ်မရသေးကြောင်း ဒေသခံများက DMG ကို ပြောသည်။

ကျောက်နီမော်ကျေးရွာ၊ တောင်ပိုင်းအုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်က “ ငါးဖမ်းဖို့ သွားတာပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တာပဲဖြစ်ဖြစ် မကြာခဏ အဖမ်းခံရတာတွေ ရှိတယ်။ အဓိကတော့ သံတွဲ၊ မာန်အောင်နဲ့ ရမ်းဗြဲ ရေလက်ကြားတွေမှာ အဖမ်းခံရတာပါ။ တချို့ ပြန်လည်လွတ်မြောက်လာပေမယ့် ၂၀ လောက်တော့ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ် ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ နှစ်အစောပိုင်းမှ ၂၀၂၅ နှစ်ကုန်ပိုင်းအထိ ကျောက်နီမော်ကျေးရွာမှ ရေလုပ်ငန်းလုပ်ကိုင်သူ မွတ်ဆလင် ၄၀ ထက်မနည်းကို ပင်လယ်ပြင်တွင် သွားလာလှုပ်ရှားနေသည့် စစ်သင်္ဘောများကနေ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းအထဲက လူဦးရေ ၂၀ ခန့်သည် ငွေကြေးဖြင့် ညှိနှိုင်းပြီး ပြန်လည်လွတ်မြောက်လာခဲ့ကြသော်လည်း စစ်ကောင်စီ တောင်းသည့် ငွေကြေးမပေးနိုင်သူ ၂၀ ခန့်မှာ ဆက်လက်ဖမ်းဆီးခံထားရခြင်းဖြစ်ကာ မိသားစု ဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေကြရသည်။

“ ကျမရဲ့ စက်လှေမှာ လိုက်နေတဲ့ အလုပ်သမားတွေရော၊ ဆွေမျိုးသားချင်းတွေရော ၈ ယောက်လောက် ရှိပါတယ်။ ဧရာဝတီတိုင်းဘက်ကနေ စားသောက်ကုန်တွေ ယူလာတဲ့အချိန် မာန်အောင် ရေလက်ကြားမှာ စစ်သင်္ဘောတွေက ဖမ်းတာပါ။ ပြန်လွှတ်ပေးဖို့ ညှိပေမယ့် မရဘူး၊ စက်လှေရော လူတွေကိုပါ ဖမ်းထားလိုက် တယ် ” ဟု ကျောက်နီမော်မှ ဒေါ်မလှဝင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင်လအတွင်းက ဧရာဝတီတိုင်းကနေ စားနပ်ရိက္ခာများ သယ်ယူလာသည့် ဒေါ်မလှဝင်း၏ စက်လှေအပါအဝင် နောက်ထပ် စက်လှေ ၄ စီးနှင့် လူ ၂၄ ဦးကို စစ်ကောင်စီက မာန်အောင်မြို့နယ် ရေပိုင်နက်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရမ်းဗြဲမြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီး မာန်အောင်မြို့နယ်ကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ကာ ပင်လယ်ပြင်တွင် စစ်ကောင်စီ နေဗီများ မကြာခဏ သွားလာလှုပ်ရှားမှုများ ရှိကြောင်းလည်း သိရသည်။

ဖမ်းဆီးခံခဲ့ရသူ မွတ်ဆလင် တစ်ချို့ကို ကျောက်ဖြူအကျဉ်းထောင်သို့ ပို့ဆောင်၍ ULA/AA နှင့် ပတ်သက် ဆက်နွယ်မှု၊ တရားမဝင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှု စသည့် ပုဒ်မများဖြင့် ပြစ်ဒဏ်အသီးသီး ချမှတ်ထားကြောင်းလည်း သိရသည်။

ကျောက်နီမော်ရွာသား ဦးမောင်မောင်ဝင်းက “ အခုဆို ပင်လယ်ပြင်ကို ဘယ်သူမှ မထွက်ရဲတော့ဘူး။ သူတို့က စစ်သင်္ဘောတွေနဲ့ စောင့်ကြည့်နေကြတယ်။ ဒီကလူတွေက ရေလုပ်ငန်းနဲ့ပဲ လုပ်ကိုင်စားသောက်လာကြတာ။ ပင်လယ်ထဲ မထွက်ရတော့ စားဝတ်နေရေး အဆင်မပြေတဲ့လူတွေ များလာတယ် ” ဟု ပြောသည်။

ကျောက်နီမော်ဒေသခံများသည် ပင်လယ်ရေလုပ်ငန်းကို အဓိက မှီခို၍ လုပ်ကိုင်စားသောက် နေကြရခြင်း ဖြစ်သော်လည်း လက်ရှိတွင် စစ်ကောင်စီ၏ ရေတပ်အန္တရာယ်ကြောင့် အဆင်မပြေမှုများ ကြုံတွေ့ နေကြရ ခြင်းဖြစ်သည်။

အလားတူ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ် ဆင်တက်မော် (မွတ်ဆလင်) ကျေးရွာမှ ငါးဖမ်းသမား ၂၈ ဦးမှာလည်း ပေါက်တောမြို့နယ်၊ ပန်းနံ့သာကျွန်းအနီးတွင် ငါးဖမ်းနေကြစဉ် ဒီဇင်ဘာ ၂၂ ရက်တွင် စစ်ကောင်စီ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မွတ်ဆလင်များကို ငါးဖမ်းစက်လှေများနှင့်အတူ စစ်ကောင်စီက ကျောက်ဖြူမြို့နယ်သို့ ခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။

စစ်ရေးပဋိပက္ခကြောင့် စီးပွားရေးကျပ်တည်းနေကြသည့် ပင်လယ်ကမ်းရိုးတန်းဒေသမှ ရခိုင်ဒေသခံများမှာ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်ရာ၌ စစ်ကောင်စီ ရေတပ်၏ ဖမ်းဆီးခြင်းကို မကြာခဏ ခံနေရသည်။

ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG
June 23, 2026
ရခိုင်ပြည် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး၊...
June 22, 2026
ရခိုင်ပြည်တွင် မြို့၊ရွာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်နေ၍ အရပ်သားသေဆုံး...
အပေါက်ဝကျေးရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
June 20, 2026
မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်၍ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေပြင်းထန်စွာ စီးဆင်းခြင်း၊...