အသွင်ကူးပြောင်းရေးအခြေခံဥပဒေ (AFTA) အတည်ပြုရန် NUCC ပြင်ဆင်

အသွင်ကူးပြောင်းရေးအခြေခံဥပဒေ (AFTA) အတည်ပြုရန် NUCC ပြင်ဆင်
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)

မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ် အတည်ပြုပြဋ္ဌာန်းခြင်း ငါးနှစ်ပြည့်မြောက်သည့် မတ်လ ၃၁ တွင် အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (AFTA) ကို မကြာမီ အပြီးသတ်အတည်ပြုတော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က သတင်းထုတ်ပြန်လိုက်သည်။

လွန်ခဲ့သည့် ငါးနှစ်တာအတွင်း ထိုပဋိဉာဏ်ကိုအခြေခံ၍ စုပေါင်းခေါင်းဆောင်မှုဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် NUCC တို့အပြင် ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများကိုပါ အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း NUCC က ဆိုသည်။

ယခုအခါ ပဋိဉာဏ် အစိတ်အပိုင်း (၁) ပါ လမ်းပြမြေပုံအရ “ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံများ” ဖြစ်သည့် အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (AFTA) ကို မကြာမီ အပြီးသတ်ရေးဆွဲ အတည်ပြုနိုင်တော့မည်ဖြစ်ကြောင်း အသိပေးထားသည်။

၎င်းပဋိဉာဏ်သည် အာဏာရှင်စနစ်ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အပြီးသတ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အသက်သွေးကြောဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“ဒီ AFTA လုပ်ငန်းစဉ် ပေါ့နော်၊ ဒီလုပ်ငန်းစဉ်ကို ကျွန်တော်တို့ ၂၀၂၆ ခုနှစ်ရဲ့ ဒီ ပထမ ခြောက်လ အတွင်းမှာ ကျွန်တော်တို့ ဒါ ပြီးစီးအောင် ဆောင်ရွက်နိုင်မယ်ဆိုတဲ့ ရည်မှန်းချက်မျိုးလည်း ကျွန်တော်တို့ ရှိတယ်။ နောက် ဒီ မူကြမ်းရေးဆွဲရေး ကျန်တဲ့ ရာခိုင်နှုန်း အနည်းငယ်လေး ကျန်တဲ့ဟာပေါ့နော်၊ အဲဒီဟာကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ ရေးဆွဲဖို့ကိုလည်း NUCC က သဘောတူညီချက်နဲ့ ဆုံးဖြတ်ချက်ပေးခဲ့ပြီးသားဖြစ်ပါတယ်”ဟု NUCC ၏ ကောင်စီဝင် ဦးတိုးကျော်လှိုင်က မဇ္ဈိမကိုပြောသည်။

ထို့အတွက်ကြောင့် မကြာခင်တွင် အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (AFTA)ကို NUCC သည် ပြန်လည်ရေးဆွဲမှာဖြစ်ကာ ကောင်စီဝင်များနှင့် တကြိမ် ဆွေးနွေးတွေ့ဆုံပြီးပါက အပြီးသတ်လုပ်နိုင်မည်ဟု သူက ဆက်လက်ရှင်းပြသည်။

“တကြိမ်လောက် ပြန်ဆုံပြီးရင် ကျွန်တော်တို့ အပြီးသတ်လုပ်လို့ရမယ်။ ပြီးလို့ရှိရင် နောက်ထပ် နှစ်ကြိမ်လောက် ကျွန်တော်တို့ review and revise လုပ်မယ်။ ပြီးရင် ကနဦးမူကြမ်းအဖြစ် NUCC မှာ အတည်ပြုမယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် တော်လှန်ရေးအင်အားစုများအကြား အားပြိုင်မှုနှင့် လွှမ်းမိုးမှုများ မရှိစေရန်အတွက် လူနည်းစုအခွင့်အရေး၊ တန်းတူရေးနှင့် စုံလင်ကွဲပြားမှုကို လေးစားခြင်း စသည့် ပြည်ထောင်စုစံတန်ဖိုးများကို ခွဲခြားဆက်ဆံမှုမရှိဘဲ လိုက်နာကျင့်သုံးကြရန် NUCC က အလေးအနက် တိုက်တွန်းထားသည်။

တဖက်တွင်လည်း NUG၊ CRPH နှင့် KNU၊ KIO၊ KNPP၊ CNF၊ IEC စသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်းများကလည်း “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ”(SCEF)ကို မတ်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးအရှိန်မြှင့်တင်ရန် ပြင်ဆင်နေကြသည်။

NUCC အနေဖြင့် ပဋိဉာဏ်ပါ ပြဋ္ဌာန်းချက်များနှင့် ပေးအပ်ထားသည့် တာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ပြီး၊ အင်အားစုအားလုံး ပြည်သူ့ရှေ့မှောက်တွင် ဝန်ခံကတိပြုထားသည့်အတိုင်း ပဋိဉာဏ်ပါ တာဝန်များကို သစ္စာရှိရှိ ဆက်လက်ထမ်းဆောင်ကြရန်လည်း နှိုးဆော်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...