အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက ပိတ်ပင်တင်းကျပ်လိုက်သဖြင့် မီဇိုရမ်ပြည်ရောက် ရခိုင်ပြည်က ဆီကုန်သည်များမှာ ဆုံးရှုံးနစ်နာမှုများ ရှိနေကြောင်း ကုန်သည်များထံက သိရသည်။
မတ်လ ၂၀ ရက်က စပြီး မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးက စက်သုံးဆီများကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချခွင့် ပိတ်ပင်လိုက်ကြောင်း တရားဝင် စာထုတ်လိုက်ခြင်းဖြစ်သည်။
ယင်းနောက် လက်ဝယ်စက်သုံးဆီ ဝယ်ယူထားကြသည့် ရခိုင်ကုန်သည်များ၏ ဆီကားများကို နယ်စပ်ဂိတ်များတွင် ဖမ်းဆီးမှု ပြုလုပ်နေပြီး၊ ဝယ်ယူရန် ကြိုပေးထားသည့် စရံငွေများကိုလည်း တောင်းမရဘဲ ဖြစ်နေကြောင်း ပြောကြသည်။
လောင်တလိုင်ရှိ ရခိုင်ကုန်သည် အမျိုးသားတစ်ဦးက “ မီဇိုရမ်က စက်သုံးဆီတွေက ရခိုင်ဖက်ကို လုံးဝ ဖြတ်လို့ မရတော့ဘူး။ ဖြတ်လို့ အာသံရိုင်ဖယ်တပ်နဲ့တွေ့ရင် အကုန်လုံး ဖမ်းဆီးခံရတယ်။ အစပိုင်းကတော့ နားလည်မှုနဲ့ အနည်းငယ် ဖြတ်သန်းလို့ ရပေမယ့် အခု လုံးဝ ဖြတ်သန်းခွင့် မရတော့ဘူး” ဟုပြောသည်။
ဆက်လက်ပြီး ၎င်းက “ ဆိုင်းဟာခရိုင်ထဲက လောင်ပုဂိတ်မှာ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးထားတဲ့ ဆီကားတွေ မနည်းဘူး။ မြို့ပေါ်မှာလည်း ဆီဆိုင်တွေမှာ လိုက်ဖမ်းတာတွေ ရှိတယ်။ တချို့တွေမှာဆို ဆီဝယ်ဖို့ ဆီဆိုင်တွေမှာ စရံငွေပေးတဲ့ သူတွေမှာလည်း ငွေတောင်းမရကြဘဲ အတော်လေးကို အခက်ခဲတွေဖြစ်နေကြတာ ” ဟု DMG ကို ပြောသည်။
၂၀၂၃ ခုနှစ်ကတည်းက ရခိုင်ပြည်ကို စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထား၍ ရခိုင်ဒေသအတွင်း လိုအပ်သည့် စက်သုံးဆီများအတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို အဓိကအားပြုပြီး တင်သွင်းနေကြရခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၂၈ ရက်က စတင်ခဲ့သည့် အမေရိကန်၊ အစ္စရေး- အီရန် စစ်ပွဲကြောင့် ကမ္ဘာနိုင်ငံအသီးသီးတွင် စက်သုံးဆီ အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရချိန် အိန္ဒိယ အစိုးရနှင့် မီဇိုရမ်ပြည်နယ် အစိုးရတို့က ပြည်တွင်း စက်သုံးဆီ ပြတ်တောက်မှုမရှိစေရန်အတွက် တင်းကျပ်မှုများကို ပြုလုပ်လာနေခြင်းလည်းဖြစ်သည်။
မတ်လ ၂၀ ရက်ကတည်း မီဇိုရမ်က စက်သုံးဆီများကို အိမ်နီချင်းနိုင်ငံများကို တရားမဝင် တင်ပို့ရောင်းချခြင်း မပြုရန် ခရိုင်အုပ်ချုပ်ရေးမှူးများက အမိန့်စာထုတ်ပြန်ထားခြင်းဖြစ်ပြီး လိုက်နာမှုမရှိသူများကိုလည်း ၂၀၂၃ ခုနှစ်က အတည်ပြုထားသည့် BNSS ပုဒ်မ ၁၆၃ အရ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိတွင် စက်သုံးဆီ ဖမ်းဆီးမှုကို မီဇိုရမ်အစိုးရကထက် အိန္ဒိယစစ်တပ်ဖြစ်သည့် အာသံရိုင်ဖယ်တပ်က ဖမ်းဆီးမှု ပိုမိုများပြားနေလာခြင်းဖြစ်သည်ဟု နောက်ထပ် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။
“ အခု စက်သုံးဆီတွေကို ဖမ်းနေတာက မီဇိုရမ်အစိုးရဖက်က မဟုတ်ဘူး။ ဗဟိုက တိုက်ရိုက်အမိန့်နဲ့ စစ်တပ်က ဖမ်းဆီးနေတာ။ သူတို့ ဖမ်းသွားရင် ဆီတွေက အဆုံးပဲ။ ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ လောင်ပုဂိတ်မှာ ဖမ်းခံထားတဲ့ ဆီကားတွေလည်း မနည်းဘူး။ ဆီကုန်သည်တွေမှာ နစ်နာမှုတွေ အတော်လည်းကို ရှိနေကြတာ” ဟု နောက်ထပ် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။
ရခိုင်ပြည်ကို မီဇိုရမ်ဖက်ကနေ စက်သုံးဆီဝင်ရောက်မှုမှာ မတ်လ ၂၀ ရက်ကတည်းက ကျဆင်းသွားခြင်းဖြစ်ပြီး ရခိုင်ပြည်အတွင်းမှာ စက်သုံးပြတ်လပ်မှုများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ဒေသတွင်း စီးပွားရေးသမားများက သုံးသပ်နေကြသည်။
လက်ရှိတွင် ရခိုင်ပြည်တွင်းမှာ စက်သုံးဆီ ဝယ်ယူ၍ ရရှိနေသေးသော်လည်း ကာလရှည်ကြာ ဆီတင်သွင်းမှု ပိတ်ဆို့ခံထားရပါက စက်သုံးဆီပြတ်တောက်နိုင်မှုနှင့် ရင်ဆိုင်နေရပြီး ဈေးနှုန်းများ မြင့်တက်မှု မရှိစေရေးအတွက် အာရက္ခတပ်တော်ဖက်က ထိန်းညှိမှုများရှိနေသည်ဟု စက်သုံးဆီရောင်းချသည့် ကုန်သည်များထံက သိရသည်။







